16.11.13

မန္တလေးတွင် မီတာ လျှောက်ထားမှု ငါးရက်အတွင်း ဆောင်ရွက်ပေးမည်

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အိမ်သုံးမီတာ
 လျှောက်ထားမှုများနှင့် ပတ်သက်၍ ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ပြီး စက်ရုံသုံး ပါဝါမီတာ လျှောက်ထားမှု များကို ငါးရက်အတွင်း ဆောင်ရွက်ပေးသွားမည်
 ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အရင်ကထက် ပိုမိုမြန်ဆန်အောင် ချထားပေးဖို့ နေပြည်တော်ကနေ တိုက်ရိုက် ညွန်ကြားထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က အိမ်သုံးမီတာ လျှောက်ထားမှုကို တစ်ပတ်အတွင်း ချထား တပ်ဆင်ပေးခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်ခန့်မှ စတင်၍ နေ့ချင်းပြီး တပ်ဆင်ပေးရမည် ဖြစ်ကာ စက်ရုံသုံး ပါဝါမီတာများကို နှစ်ပတ်အတွင်း တပ်ဆင်ပေးနေရာမှ ငါးရက်အတွင်း တပ်ဆင်ပေးမည် ဖြစ်ကြောင်း၊ ယခင်က မီတာ လျှောက်ထားရာတွင် တိုင်းအဆင့်ထိ လျှောက်လွှာ တင်နေရာမှ လက်ရှိ ခရိုင်ရုံးတွင်သာ လျှောက်ထားရန် လိုအပ်တော့ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

ယင်းကဲ့သို့ မီတာ လျှောက်ထားမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် တိုင်းခရိုင် အသီးသီးရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနများသို့ ညွန်ကြားကြောင်းနှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တာဝန်ရှိသူ အဆင့်ဆင့်ကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ညွန်ကြားချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

“မီတာရှိရင်တော့ နေချင်း ပြီးတပ်ပေးပါတယ်။ ရုံးမှာ အဆင်သင့် မရှိသေးရင်တော့ ရှင်းပြပြီးတော့ အမြန်ဆုံး တပ်ဆင်ပေးပါတယ်။ အခုလောလောဆယ် အိမ်သုံးမီတာ ၁၄၇ လုံး၊ ပါဝါမီတာ တစ်လုံး လျှောက်ထားတာ ရှိပါတယ်၊ ဒီနေ့ တစ်လုံးတပ်ပေးဖို့ အခု မီတာ သွားယူနေပါပြီ။ တိုင်း/ခရိုင်မြို့နယ် တွေမှာ နေ့ချင်းပြီး တပ်ဆင်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးမင်းထွန်းက ဆိုသည်။

တိုင်း၊ ခရိုင် မြို့နယ် အဆင့်ဆင့်သို့ အိမ်သုံး မီတာများကို နေ့ချင်းပြီး တပ်ဆင်ရန်နှင့် ပါဝါမီတာကို ငါးရက်အတွင်း တပ်ဆင်ရန် ညွန်ကြားထားသော်လည်း တပ်ဆင်ရန် မီတာ လုံလောက်စွာ မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများထံမှ သိရသည်။

“မီတာတပ်ဖို့ ငွေလည်း သွင်းပြီးပြီ၊ တစ်လကျော် ကြာပြီ။ အခုထိ လာမတပ်သေးဘူး။ ရုံးသွားမေးတော့လည်း ဒစ်ဂျစ်တယ် မီတာ တပ်မှာမို့ ကြာနေတာလို့ ပြောတယ်။ နေ့ချင်းပြီး တပ်ပေးမယ် ဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ။ အခုဟာက လချီ ကြာနေတော့ လာတပ်နိုး လာတပ်နိုးနဲ့ သူ့ဟာက အလုပ်တစ်ခု ဖြစ်နေတယ်”ဟု မီတာခ ပေးသွင်းပြီး တစ်လကျော် ကြာသည်အထိ မီတာ လာရောက် တပ်ဆင်ခြင်း မခံရသေးသည့် ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သော ဦးကြည်ဝင်းက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment