23.1.14

ချယ်လ်ဆီးကွင်းလယ်လူ မာတာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် မန်ယူ ကြိုးပမ်း

မန်ယူအသင်းသည် အပြောင်းအရွှေ့ ရာသီမပိတ်သိမ်းမီတွင် အသင်း၏ကွင်းလယ်အင်အားဖြည့်တင်း ရန် ပြင်ဆင်နေပြီး ချယ်လ်ဆီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ဂျူအန်မာတာအား ကလပ်စံချိန် တင်ပြောင်း ရွှေ့ကြေးဖြစ်သည့် ပေါင် ၃၇ သန်းဖြင့် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။


မန်ယူအသင်းအနေဖြင့် မာတာ၏အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ချယ်လ်ဆီးအသင်းတာဝန်ရှိသူ များနှင့် တရားဝင်ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းမှလည်း လက်ခံဆွေးနွေးဖွယ်ရှိ နေသည်။ ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီက အဲဗာတန်အသင်းမှ ကွင်းလယ်လူ ဖယ်လိုင်နီတစ်ဦး တည်းကိုသာ ခေါ်ယူခဲ့သော မန်ယူအသင်းသည် ယခုနှစ်ရာသီတွင် ရလဒ်ကောင်းများရရန် ရုန်းကန်ရ လျက်ရှိပြီး ချန်ပီယံဆုကိုလည်း လက်လွှတ်ရတော့မည့် အခြေအနေဖြစ်နေရာ ချယ်လ်ဆီးတွင် နေရာ မရဖြစ်နေသည့် မာတာကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းနည်းပြ မိုယက်စ် အနေဖြင့်လည်း မာတာကို ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေပြီး ယခုအပတ်အတွင်း၌ပင် အပြောင်းအရွှေ့ကိစ္စများ အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ထိပ်ဆုံးလေးသင်းနှင့် ရမှတ်ခြောက်မှတ်အထိ ကွာဟနေပြီး ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ရန်အတွက် ဖိအားများရှိနေသည့်အတွက် နည်းပြမိုယက်စ်အနေ ဖြင့် အပြောင်းအရွှေ့ဈေးကွက်တွင် လူအင်အား ဖြည့်တင်းလိုနေခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေးအသုံး စရိတ်အဖြစ် အသုံးပြုရန် ပေါင်သန်း ၇၀ ခန့်အထိရရှိထားကြောင်း သိရသည်။ ထို့ကြောင့် မိုယက်စ်အနေ ဖြင့် ပထမဦးဆုံးလှုပ်ရှားမှုအဖြစ် မာတာကို ကမ်းလှမ်းခြင်းပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည့် အပြင် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒန်တီကိုလည်း စောင့်ကြည့်နေသည်။

မန်ယူအသင်း၏ မာတာကို ကမ်း လှမ်းရန် ပြင်ဆင်နေသည့် ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်း ၀န်းကျင်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်ပြီး ယခင်က ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသူမှာ တိုက်စစ်မှူး ဘာဘာ တော့ဗ်ဖြစ်ကာ ပေါင်သန်း ၃၀ ဒသမ ၇၅ သန်းရှိသည်။
မာတာသည် ၂၀၁၁ ခုနှစ်က ချယ်လ်ဆီးအသင်းသို့ ဗလင်စီယာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၃ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ဆက်တိုက်ချယ်လ်ဆီးအသင်း၏ အကောင်းဆုံး ကစားသမားဆုကို ရရှိထားသူဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment