23.1.14

မြန်မာ-အီးယူ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ယခုနှစ်ကုန်တွင် အပြီးသတ်ရန်ကြိုးပမ်းနေ

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြန်အလှန် အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ချုပ်ဆိုနိုင်ရန်မျှော်မှန်းသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇန်န၀ါရီ ၂၂ ရက်တွင် မဇ္ဈိမသို့ပြောသည်။


အဆိုပါရင်းနှီးမြှုပ်နှံမှု အပြန်အလှန်အကာအကွယ်ပေးရေးစာချုပ်အတွက် ဆွေးနွေးမှုများစတင်ရန် မြန်မာနိုင်ငံဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း အီးယူဘက်မှ အဆင်သင့်ဖြစ်ရန် စောင့်စားနေ သည်ဟု ယင်းကဆက်လက်ပြောသည်။

ဦးအောင်နိုင်ဦးက “အစစအရာရာ အဆင်ပြေမယ်ဆိုရင် ကျွန်တော်ခန့်မှန်းတာက ဒီနှစ်ကုန်မှာ မြန်မာ-အီးယူ ရင်းနှီးမြှပ်နှံမှုအပြန်အလှန်ကာကွယ်ရေးစာချုပ် အပြီးသတ်နိုင်ပါမယ်” ဟု ပြောသည်။မြန်မာနိုင်ငံ အနေဖြင့် အီးယူနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြန်အလှန်အကာအကွယ်ပေးရေးစာချုပ်အား လက်မှတ်ရေး ထိုးနိုင်ပါက အီးယူနိုင်ငံများမှရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်လာနိုင်မည်ဖြစ်သည်ဟု ဦးအောင် နိုင်ဦးကဆိုသည်။

ယင်းက “ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုလည်းရရှိစေပါမယ်”ဟု ဆိုသည်။အီးယူဘက်မှလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကာအကွယ်ပေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ဇန်န၀ါရီလကုန်ခန့်တွင် နေ ပြည်တော်သို့ လာရောက်ဖွယ်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အမည်မ ဖော်လိုသူ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အီးယူနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း European Commissioner for Trade(ဥရောပသမဂ္ဂ ကုန်သွယ်ရေးမဟာမင်းကြီး)Karel De Gucht က မဇ္ဈိမသို့ အင်ဒိုနီးရှားနိုင်ငံဘာလီမြို့ရှိ BNDCC အဆောက်အအုံတွင် ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပနေသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၏ 9th Ministerial Conference တွင် ဒီဇင်ဘာ ၅ ရက်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးဖြစ်သည်။

ယင်းက “လတ်တလောအားဖြင့်တော့ အီးယူနိုင်ငံတွေအနေနဲ့ (အဖွဲ့ဝင်၂၇နိုင်ငံ) မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေပြုလုပ်နိုင်ရေးအတွက် သဘောတူညီချက်တွေအတွက် ညှိနှိုင်းမှုတွေလာရောက်ပြုလုပ်ဖို့ အလေးအနက်စဉ်းစားဆောင်ရွက်နေကြပါတယ်။ အခုချိန်မှာ Trade Council ဆီကနေ ခွင့်ပြုချက်ရဖို့ လိုတဲ့အတွက် အဲဒါကိုစောင့်နေပါတယ်။ လာမယ့် ၂၀၁၄ နှစ်ဆန်းမှာ မြန်မာနိုင်ငံမှာ EU နိုင်ငံတွေအနေ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေစနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရှေ့နှစ်မှာ တော့ အီးယူနိုင်ငံ အတော်များများအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထိထိရောက်ရောက်ပြုလုပ် နိုင်မယ်လို့မျှော်လင့်ထားပါတယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံချောမွေ့မှုတွေရရှိအောင် ဆွေးနွေးညှိနှိုင်းရပါမယ်” ဟု ပြောသည်။

ထပ်မံ၍ အီးယူအနေဖြင့် ၂၀၁၂ခုနှစ် နှစ်လည်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများအား တစ်နှစ်ဆိုင်းငံ့အနေအထားဖြင့် ရုပ်သိမ်းပေးခဲ့ပြီး ယခုနှစ်၂၀၁၃ ခုနှစ် နှစ် လည်တွင်ထပ်မံကာ ဆိုင်းငံ့သက်တမ်းအား တစ်နှစ်သက်တမ်းတိုးမြှင့်ပေးထားသဖြင့် ကုန်သွယ်မှုများ ပြုနိုင်ပြီဖြစ်သော်လည်း အချို့သောအီးယူနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ်GSP(အခွန်လျှော့ပေါ့မှု) မပေးသေးခြင်းသည် တစ်နိုင်ငံချင်းစီ၏ ကုန်သွယ်ရေးမူဝါဒနှင့်သက်ဆိုင်သည်ဟု Karel De Gucht က ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment