20.1.14

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ပြောကြားခဲ့

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီကျေးရွာတွင် ဇန်န၀ါရီ ၁၉ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လူထုနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။


မြစ်ဆုံနှင့်ပတ်သက်သည့် အကြောင်းအရာများ လက်ရှိသမ္မတ ဦးသိန်းစိန်ကိုသာ မေးမြန်းရန် ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီကျေးရွာ၌ ပြုလုပ်သော (၂၀၀၈) အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် ကော့ဂွန်းကျေးရွာမှ ဆရာတော်တစ်ပါး၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် “ဒီမြစ်ဆုံကိစ္စကို သဘောတူညီခဲ့တာဟာ အရင်အစိုးရ ဖြစ်ပါတယ်။ မြစ်ဆုံကိစ္စကို ငါးနှစ်ရပ်ဆိုင်းခဲ့သူကလည်း အရင်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို သမ္မတဦးသိန်းစိန်ကိုသာ မေးမြန်းရမယ့် မေးခွန်းဖြစ်ပါတယ်။ ဘယ်လိုသဘောတူညီချက်တွေနဲ့  ဒီမြစ်ဆုံကိစ္စကို စခဲ့သလဲ။ အခုရပ်ဆိုင်းထားပြီး ဘယ်အချိန် ဘယ်လိုလုပ်မယ်လို့ ကြံစည်ထားသလဲ။ နောက်ပြီး ဘယ်လို သဘောတူညီချက်တွေ လုပ်ထားလို့ CPI ဘက်က ပြန်လုပ်မယ်ဆိုရင် ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဖြေနိုင်သူဟာ သမ္မတဦးသိန်းစိန်ပဲ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကရင်ပြည်နယ်လူထုအား (၂၀၀၈) အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကို ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ်ပလီကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ပရိသတ်များထံမှ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခြင်းနှင့် (၂၀၀၈) အခြေခံဥပဒေအား ပြင်ဆင်ရန် လူထုသဘောထား ခံယူခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “တချို့တွေက ကျွန်မကိုမေးပါတယ်။ တပ်မတော်က မပြောင်းချင်ရင် ဘယ့်နှယ့်လုပ်မလဲ၊ လက်ရှိသမ္မတနဲ့ အစိုးရက မပြောင်းချင်ရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးပါတယ်။ ဘယ်လိုလုပ် ပြောင်းမှာလဲတဲ့။ ကျွန်မကပြောတယ် ပြည်သူလူထုတွေ တကယ်လိုလားမှုရှိရင် ပြောင်းလို့ရတယ်လို့ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ လူတစ်စုက ပြုစုထားတဲ့ စာတမ်းဖြစ်ပါတယ်။ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ စာကြောင်းကို ပြည်သူလူထုရဲ့ဆန္ဒနဲ့ ထောက်ခံမှုနဲ့ မပြုပြင်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်မယုံကြည်တယ်။ အနှေးနဲ့အမြန် ပြင်နိုင်မယ်။ သို့သော် အမြန်ပြင်နိုင်မှ ကျွန်မတို့နိုင်ငံ သက်သာမယ်” ဟု ဇန်န၀ါရီ ၁၈ ရက်က ဘားအံလူထုတွေ့ဆုံပွဲတွင်လည်း ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment