20.1.14

နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ရှိနေရာ ပြည်တွင်းရွှေဈေးမှာလည်း အကျဈေး၌ပင် ရှိနေဦးမည်ဟုခန့်မှန်း

ယခင်နှစ် နှစ်ဆန်းပိုင်းက မြင့်တက်မှု ရှိခဲ့သည့် နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ပင် ဆက်လက်ရှိနေခြင်းကြောင့် နိုင်ငံတကာဈေးနှင့် ဆက်နွှယ်မှုရှိသည့် ပြည်တွင်းရွှေဈေးမှာ အကျဈေး၌ပင် ရှိနေဦးမည်ဟု ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။


၂၀၁၃ ခုနှစ်အတွင်းက နိုင်ငံတကာ၌ ရွှေဈေးအကျကြမ်းခဲ့ခြင်းကြောင့် နိုင်ငံတကာဈေး အတက်အကျပေါ်တွင် မူတည်သည့် ပြည်တွင်းရွှေဈေးမှာလည်း စံချိန်တင် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော် နှစ်ဆန်းပိုင်းတွင် ပြန်လည်မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းမှုများ ရှိသော်လည်း နှစ်ကုန်ပိုင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ၀န်း ကျင်ပေါက်ဈေးရှိခဲ့သည့် နိုင်ငံတကာ ရွှေဈေးမှာ အကျဈေး၌ပင် ဆက်လက်တည်ရှိနေခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ၏ ရွှေဈေးအတက်အကျမှာ တရုတ်နှင့် အိန္ဒိယဘက်မှ ၀ယ်လိုအားနှင့် ဆက်နွှယ်မှုရှိသည်ဟု သိရပြီး လက်ရှိနိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်ဝန်းကျင်မှာ အတက်အကျမကြမ်းသည့် ပုံမှန်ဈေးနှုန်းပင်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ ရွှေဈေးနှုန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းက “ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ပုံမှန်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောရရင် အကျဈေးမှာပဲ ကြာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရွှေဈေးက တက်ရင်လည်း နည်းနည်းပဲ တက်နိုင်တဲ့အတွက်ပါ။ အရင်နှစ် နှစ်ဆန်းပိုင်းကဈေးဖြစ်တဲ့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၆၀၀ ကို ရောက်ဖို့တော့ လိုသေးတယ်။ ပြည်တွင်းမှာတော့ အကျဈေးမှာပဲ ငြိမ်နေတဲ့အတွက် အထည်အရောင်းအ၀ယ်လိုင်းက အလုပ်ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

ဇန်န၀ါရီ ၁၉ ရက်တွင် နိုင်ငံတကာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅၉ ကျော် ပေါက်ဈေးရှိပြီး ပြည်တွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၆၁၅၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၂၃၀၀၀ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment