19.1.14

၂၀၁၄ ရိုးမ ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် ကင်ညာအပြေးသမားများ အောင်ပွဲခံ

ဒုတိယအကြိမ် ၂၀၁၄ ရိုးမ ရန်ကုန် မာရသွန် အပြည်ပြည်ဆိုင်ရာ အပြေးပြိုင်ပွဲတွင်ကင်ညာအပြေး သမားများ အောင်ပွဲ ခံခဲ့ကြပြီး မြန်မာအပြေးသမားများအနေဖြင့် ၄၂ ကီလိုမီတာ(အမျိုးသမီး) ပြိုင်ပွဲ တစ်ခုတည်းတွင်သာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။


အပြေးပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ၊ ၂၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲနှင့် ၅ ကီလိုမီတာ(အပျော်တမ်း) မာရသွန်ပြိုင်ပွဲ အမျိုးအစား သုံးမျိုး ကျင်းပခဲ့ပြီး ပြိုင်ပွဲ အများစုတွင်
ကင်ညာနိုင်ငံသားများမှ ပထမဆုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရိုးမ ရန်ကုန် မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီ ၁၉ ရက်က ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)မှ စတင်ကာ တာထွက်ခဲ့သည်။

၄၂ ကီလို မီတာ အမျိုးသား မာရသွန်ပြိုင်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၃ ရိုးမ မာရသွန်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် ကင်ညာနိုင်ငံသား ဂျိုးဇက်ဂီတာအို ကပင် ထပ်မံအောင်ပွဲခံသွားခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၂၅၀၀ကို ဆွတ်ခူးရရှိသွားခဲ့သည်။ ထို့အပြင် ဒုတိယဆုကို မြန်မာနိုင်ငံသား ဝေလင်းထွန်းက လည်းကောင်း၊ တတိယဆုကို မြန်မာနိုင်ငံသား စိုးနိုင်က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြသည်။
၄၂ ကီလိုမီတာ အမျိုးသမီး မာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယနေရာများတွင် မြန်မာနိုင်ငံမှ ကစားသမားများ ဗိုလ်စွဲခဲ့ပြီး ပထမဆုကို မြင့်မြင့်အေး၊ ဒုတိယဆုကို နီလာစန်း၊ တတိယဆုကို
သီတာချိုတို့ ဆွတ်ခူးရရှိသွားခဲ့ကြသည်။

၂၁ ကီလိုမီတာ အမျိုးသား မာရသွန်ပြိုင်ပွဲတွင်မူ ကင်ညာနိုင်ငံသား ပေါလ်က ပထမနေရာတွင် ပန်းဝင်ပြီး အမေရိကန်ဒေါ်လာ ၁၅၀၀ အား လည်းကောင်း၊ ဒုတိယဆုရခဲ့သည့် ကင်ညာနိုင်ငံသား ချန်ချီအား အမေရိကန်ဒေါ်လာ ၈၀၀ အားလည်းကောင်း၊ တတိယ ဆုရခဲ့သည့် မြန်မာနိုင်ငံသား စန်းနိုင်အား အမေရိကန်ဒေါ် ၄၀၀ အားလည်းကောင်း ရရှိခဲ့သည်။

၂၁ ကီလိုမီတာ အမျိုးသမီး မာရသွန်ပြိုင်ပွဲတွင် ပထမဆုကို ကင်ညာနိုင်ငံသူ မာရီဝမ်ဂီက လည်းကောင်း၊ ဒုတိယဆုကို မြန်မာနိုင်ငံသူ ဖြူဝါသက်က လည်းကောင်း၊ တတိယဆုကို ခင်မာစန်းက လည်းကောင်း အသီးသီး ဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် ကစားသမား ဖြူဝါသက်သည် ပြီးခဲ့သည့် ၂၀၁၃ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၁၀ကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော်လည်း ၂၀၁၄ ရိုးမ- ရန်ကုန် ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသူ မာရီဝမ်ဂီအား မကျော်ဖြတ်နိုင်ဘဲ ဒုတိယသာ ရရှိခဲ့သည်။

၂၀၁၄ ရိုးမ-ရန်ကုန် မာရသွန် အပြည်ပြည်ဆိုင်ရာ အပြေး ပြိုင်ပွဲတွင် ပြည်တွင်း၊ ပြည်ပ ကစားသမား
၂၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်များအား Lucky Draw နှင့် အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment