19.1.14

အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အဆင်သင့် နီးပါးဖြစ်ဟုဆို

၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည် ဖော်မည့် မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံအချင်းချင်း လွတ်လပ်စွာ ကုန်စည်စီးဆင်း ရောင်းဝယ်နိုင်သော အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက် ၈၀ ရာခိုင်နှုန်းနီးပါး ပြင်ဆင်ပြီး ထားကြောင်း ပုဂံရှိ ရွှေနန်းတော် နန်းမြင့်ဆောင်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်က ပြောကြားသည်။


“၈၀ ရာခိုင်နှုန်းလောက် လက်တွေ့ အသုံးချလို့ ရနေပါပြီ။ နောက်ထပ် ၂၀ ရာခိုင်နှုန်းက အဓိက ဆောင်ရွက်ရမယ့် အပိုင်းတွေပါသေးလို့ ဆက်ဆွေးနွေးဖို့ ရှိတယ်” ဟု မစ္စတာလီယောင်မင်က ဆက်လက် ပြောကြားသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတိုင်းအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရနိုင်ကြောင်း၊ သို့သော် ရေရှည် ဆောင်ရွက်ရမည့် အသိုက်အဝန်းတစ်ခု ဖြစ်သောကြောင့် ကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်း ဖြေရှင်းသွားရန် လိုကြောင်း ၎င်းကပြောဆိုသည်။
ယင်းကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးအတွက် အဓိကျသော နိုင်ငံအချင်းချင်း စည်းလုံး ညီညွတ်မှုနှင့် ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရန် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ရှိကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား သွားလာ ဆက်သွယ်ရေး အချက်အချာကျသော နိုင်ငံဖြစ်သော်လည်း အခြေခံ အဆောက်အဦ အားနည်းချက်ကြောင့် လက်ရှိအချိန်တွင် ဒေသတွင်း နိုင်ငံများအကြား လမ်းပန်း ဆက်သွယ်ရေး အခက်ခဲဆုံးနိုင်ငံ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံအတွက် အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်လာလျှင် အသေးစား၊ အလတ်စား လုပ်ငန်းများ အားလျော့သွားနိုင်ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။ အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် ၁၉၉၇ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးက သဘောတူထားသော မျှော်မှန်းချက်တစ်ခု ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment