26.12.14

စိန့်လူးဝဇ် ပစ်ခတ်မှုသည် ဖာဂူဆန် ပြဿနာနှင့် မတူကြောင်း မြို့တော်ဝန် ပြောကြား

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မစ်ဆူရီပြည်နယ် စိန့်လူးဝဇ်မြို့စွန် ဘာကလေမြို့တွင် ဒီဇင်ဘာ ၂၃ ရက်ညက ရဲတစ်ဦး ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ် အရွယ် လူမည်းလူငယ် တစ်ဦး သေဆုံးသွားခဲ့ရာ ယခု ဖြစ်စဉ်သည် ပဋိပက္ခများ ဖြစ်ပွား စေခဲ့သည့် ဖာဂူဆန်ဖြစ်စဉ်နှင့် မတူညီကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။
မစ်ဆူရီ ပြည်နယ် အတွင်း၌ပင် တည်ရှိသည့် ဖာဂူဆန် မြို့တွင် လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲများက ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွား ခဲ့သောကြောင့် အသားအရောင် ခွဲခြားမှုအဖြစ် ရှုမြင်ကာ ပဋိပက္ခနှင့် ဆန္ဒပြပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သေး သည်။ ယင်းအပြင် အဆိုပါ ဖြစ်ရပ်ကို လက်စားချေမှုဟု ယူဆရသည့် မှုခင်း တစ်ခုလည်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း နယူးယော့ခ် မြို့ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်တွက် ရဲနှစ်ဦးမှာ မြို့လယ်ကောင်၌ အသေပစ်သတ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုဖြစ်ရပ်တွင် သေဆုံး သွားသူ လူငယ်သည် သေနတ်ဖြင့် ရဲများကို ရန်ပြုရန် အားထုတ်ခဲ့ သောကြောင့် ပစ်ခတ်ရခြင်းဟု ဆိုသည်။

ထောက်လှမ်းရေး ကင်မရာ မှတ်တမ်းများ အရ အသက် ၁၈ နှစ်အရွယ် အန်တိုနီယို မာတင်သည် အသင့် ပါလာသော သေနတ်တစ်လက်ကို ဆွဲထုတ် လိုက်ကြောင်း တွေ့ရှိခဲ့ရ သည်ဟု ဘာကလေ မြို့ဝန် သီရိုဒိုဟော့စ်ကင်က ပြောကြားသည်။ ဖာဂူဆန်မြို့ ဖြစ်ရပ်တွင် အပစ်ခံရ သူသည် လက်နက်မပါပေ။ ယခု ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရဲများနှင့် လူအုပ်စုတို့ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။ အဆိုပါ လူငယ်ပစ်ခတ် ခံခဲ့ရသည့် နေရာရှိ ဓာတ်ဆီဆိုင်တွင် လူအနည်းငယ်စုဝေးခဲ့ကြသည်။

မြို့တော်ဝန် ဟော့စ်ကင်းက "အခုဖြစ်စဉ်ဟာ နယူးယောက်က ဖြစ်စဉ်၊ ဖာဂူဆန်က ဖြစ်စဉ်တွေနဲ့ မတူပါဘူး။ သေသွားတဲ့ အခုလူငယ်က ရဲအရာရှိကို သေနတ်နဲ့ ထုတ်ချိန်ခဲ့ပါတယ်" ဟု ပြောကြား သည်။ ဘာကလေမြို့ရှိ ရဲများစုသည် လူမည်းများဖြစ်သောကြောင့် လူဖြူရဲများ ရှိပြီး လူမည်း ပြည်သူများသော ဖာဂူဆန်နှင့်မတူညီကြောင်း မြို့တော်ဝန်က ပြောကြားသည်။

"မြို့တော်ဝန် ကျွန်တော်ကလည်း လူမည်း၊ မြို့အုပ်ချုပ်ရေးမှူးကလည်း လူမည်း၊ ဘဏ္ဍာရေးအရာရှိကလည်း လူမည်း၊ ရဲချုပ်ကလည်း လူမည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က သတိအများကြီးထားပါတယ်" ဟု ဟော့စ်ကင်းက ပြောကြားသည်။ ယခုဖြစ်စဉ်အား မြို့တော် အုပ်ချုပ်ရေး အဖွဲ့နှင့် စိန့်လူးဝဇ်စီရင်စု တာဝန်ရှိသူများက လွတ်လပ်သော စုံစမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Ref: BBC

0 comments:

Post a Comment