19.12.14

ဩစတြေးလျရှိ နေအိမ်တစ်လုံးတွင် ကလေး(၈)ဦး သေဆုံးနေခြင်းကို ရဲတပ်ဖွဲ့ စုံစမ်းနေ

ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း မြောက်ပိုင်းဒေသရှိ ကဲန်စ်မြို့မှ နေအိမ်တစ်လုံးတွင် ကလေးငယ်(၈)ဦး သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရဲများက အဆိုပါ နေအိမ်ထဲတွင် ဓားဒဏ်ရာဖြင့် လဲကျနေသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရှိသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ကြေညာသည်။ သို့သော်လည်း အသက်(၁၈)လမှ (၁၅)နှစ် အရွယ်ကြား ကလေးငယ်များနှင့် အဆိုပါ အမျိုးသမီးတို့ကြား ဆက်စပ်မှုကို အတိအကျ မပြောနိုင်သေးချေ။ အမျိုးသမီးမှာ ယခုအခါ အခြေအနေ တည်ငြိမ်နေကြောင်း သိရသည်။

ဩစတြေးလျ မီဒီယာများက ကလေးများသည် ဓားဒဏ်ရာကြောင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း ဖော်ပြကြသော်လည်း ရဲတပ်ဖွဲ့က ယင်းအချက်ကို အတည်ပြုချက် ပေးမထားချေ။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က အဆိုပါ ဖြစ်ရပ်သည် စကားလုံး ရှာမရအောင် ဆိုးရွားသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီလို ဖြစ်ရပ်မျိုး ကြုံရရင် ဘယ်မိဘမဆို အူလှိုက်သည်းလှိုက် ဝမ်းနည်း ကြေကွဲကြမှာပါ”ဟု ၎င်းက ဆိုသည်။

မာနူရာ ဆင်ခြေဖုံး ရပ်ကွက်ရှိ နေအိမ်ထဲတွင် ဒီဇင်ဘာ ၁၈ ရက်က အလောင်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အနီးတဝိုက်တွင် စုံထောက်များက ဖြန့်ကျက် စုံစမ်းနေဆဲ ဖြစ်သည်။ လတ်တလောတွင် ရဲတပ်ဖွဲ့ အနေဖြင့် မည်သည့် မသင်္ကာသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိသေးကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။

ဩစတြေးလျ သတင်းအချို့က ဒဏ်ရာရသူ အမျိုးသမီး၏ ညီအစ်မဝမ်းကွဲ တော်စပ်သူ တစ်ဦး၏ အဆိုကို ကိုးကားပြီး သေဆုံးသူ ကလေးငယ်များသည် ညီအစ်ကိုမောင်နှမ အရင်းများ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။

ကဲန်စ်မြို့မှ စုံထောက်အရာရှိ ဘရူနို အက်စ်နီကာကမူ ကလေးအားလုံးသည် မိသားစု တစ်ခုတည်းမှ ဖြစ်သည်ဆိုခြင်းကို မိမိ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။ “ဒီဖြစ်ရပ်ကတော့ လူတိုင်းအတွက် အရမ်းကို တုန်လှုပ်ကြေကွဲစရာပါ။ ရဲအရာရှိတွေတောင် ဒီလိုအခြေအနေမျိုးမှာ စိတ်ခိုင်ခိုင်ထားဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့လည်း လူသားတွေပဲလေ”ဟု ၎င်းက ပြောကြားခဲ့သည်။

ကွင်းစ်လန်း ဝန်ကြီးချုပ် ကမ့်ဘဲလ်နယူးမန်းကလည်း ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့သည်။ “ဒီဖြစ်ရပ်ဟာ ကဲန်စ်လူ့အဖွဲ့အစည်းသာမကဘဲ ကွင်းစ်လန်းတစ်ခုလုံးက လူတိုင်းကို သက်ရောက်စေမယ့် ကြေကွဲစရာ ကိစ္စကြီး ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

_Ref: BBC

0 comments:

Post a Comment