13.3.15

ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးမှ အစပြုခဲ့သည့် ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် အစိုးရနှင့် ကျောင်းသားတို့ ဆွေးနွေးပွဲများ၌ နောက်ပိုင်းတွင် ပညာရေးဥပဒေအကြောင်း ဆွေးနွေးခြင်းထက် ချီတက်ပုံချီတက်နည်းကိုသာ အဓိကထား ဆွေးနွေးနေခြင်းကို အစိုးရနှင့် ကျောင်းသားများ နှစ်ဖက်စလုံးအား မေးခွန်းထုတ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မတ်လ ၁၁ ရက်က RFA၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီခရီးကြမ်း ရေဒီယိုပုံမှန်အစီအစဉ်တွင် RFA သတင်းဌာနအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားများ ကြွေးကြော်သံမတိုင်ရ၊ အလံမထူရဆိုသည့် တောင်းဆိုမှုများမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို တားမြစ်ရာရောက်၊ မရောက် မေးမြန်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘အစတုန်းက ဘယ်လိုသ ဘောတူညီချက်တွေရှိလဲဆိုတာ မသိရဘူးပေါ့။ အခုဟာက ပညာရေးဥပဒေက စလိုက်တဲ့ကိစ္စပေမယ့် နောက်ပိုင်းမှာ ပညာရေးဥပဒေအကြောင်း သိပ်ပြီးတော့ ဆွေးနွေးတာမကြားရဘူး။ ချီတက်တဲ့ပုံ၊  ချီတက်တဲ့နည်းကိုပဲ အဓိကထားပြီး ဆွေးနွေးနေကြတာဆိုတော့ အဲဒါကကော ဒီလိုလုပ်သင့်သလားဆိုတာ   နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိတာပေါ့’’ဟု ၎င်းက ပြောကြားသည်။

ယခုပြဿနာကြောင့် လွှတ်တော်တွင်း အမျိုးသားပညာရေးဥပဒေကြမ်း  ပြင်ဆင်ရေးတွင် သက်ရောက်မှုမရှိနိုင်ကြောင်းနှင့် လွှတ်တော်မှာ ဥပဒေပြုရေးနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။ ဥရောပသမဂ္ဂက သင်တန်းများပေးထားပါလျက် မလိုအပ်ဘဲ ရဲတပ်ဖွဲ့မှ  အင်အားအလွန်အကျွံသုံး၍ဖြိုခွင်းမှုမှာ   လုံးဝမဖြစ်သင့်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးသင့် ကြောင်းလည်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

သို့သော် မြို့တော်ခန်းမရှေ့ တွင် ကျောင်းသားများအား ဖမ်းဆီးရန် အရပ်ဝတ်များကို အသုံးပြု ခြင်းမှာ ၁၈ ရာစုက အင်္ဂလိပ်ဥပဒေကို ပြန်သုံးထားပြီး မကြိုက်သည့်ကိစ္စတွင် ကိုလိုနီခေတ်အကြွင်းအကျန်ဟုပြောကာ ကြိုက်သည့် ကိစ္စတွင် သင့်လျော်သည့် ဖြစ်စေ၊    မသင့်လျော်သည်ဖြစ်စေ   ကြိုက်သလိုသုံးစွဲခြင်းမှာ မကောင်းကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

လက်ပံတန်းရှိ ဒီမိုကရေစီ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ချီတက်ရန် ညှိနှိုင်းမရခဲ့သည့်အတွက် မတ်လ ၁၀ ရက်တွင် ရဲများက သပိတ်ကို ဖြိုခွင်းပြီး ကျောင်းသားများ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယခုအခါ ကျောင်းသားအချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း အများစုကို ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခြင်းများရှိနေသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပြောသလို ချီတက်ပုံချီတက်နည်းပဲ ဆွေးနွေးနေကြတယ်ဆိုတာက အဓိကအစိုးရနဲ့ အာဏာပိုင်တွေ မှာ တာဝန်ရှိတာပါ။ သူတို့က ပိတ်ပင်၊ တားမြစ်၊ ကန့်သတ်လို့ ဒီလို ညှိနှိုင်းတာတွေလုပ်လာရတာပါ။ ဒီအတွက် အဓိကမေးခွန်းထုတ်သင့်တာက အစိုးရနဲ့ အာဏာပိုင် ကိုပါ။ သပိတ်မှောက်ကျောင်းသားတွေကို မဟုတ်ပါဘူး’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်မပြုမီကတည်းက NNER ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားများက တွေ့ဆုံဆွေးနွေးရန် အဆက်မပြတ်တောင်းဆိုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးကြားနာမှုအားနည်းခြင်း နှင့် တောင်းဆိုမှုများကို မျက်ကွယ်ပြုခြင်းကြောင့် ယခုလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၎င်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်က ပြဋ္ဌာန်းထားပြီးတဲ့ ဥပဒေကို ကျောင်းသားတွေ စကန့်ကွက်ကတည်းက သိပ်ပြီး သဘောကျတာ မဟုတ်ဘူး။ သူ လွှတ်တော်မှာ ပြောတာ ကျောင်းသားတွေ ဆန္ဒပြပွဲပေါ်လာတာ ဥပဒေ ချို့ယွင်းလို့ မဟုတ်ဘူး။ ဥပဒေအတွက် ပညာရေးဌာနက နည်း ဥပဒေထုတ်တာ နောက်ကျနေတော့ ကျောင်းသားအဖွဲ့အစည်း ဖွဲ့ရေးကိစ္စ လုပ်မရ ဖြစ်နေတယ်။ အဲဒါကြောင့်လို့ သူယူဆတယ်။ ဒါကြောင့် သူက ဥပဒေပြင်ပေးရေး ကျောင်းသားတွေ ဆန္ဒပြတာ၊ အစိုးရကိုတင်မက လွှတ်တော်ကို ဖိအားပေးတာမျိုးလုပ်တာ သူ သဘောမကျဘူး။ သူက အပေးအယူ ရှိရမယ်၊ ဆွေးနွေးရမယ်လို့ ယုံကြည်တယ်။ ဘယ်ဘက်ကမှ ဖိအားပေး အကျပ်ကိုင်တာမျိုး သူမထောက်ခံဘူးဆိုတဲ့ သဘော။ ဒါက သူ့သဘောကို ကျွန်တော်သိသလောက် မြင်သလောက်ပါ’’ဟု သတင်းစာဆရာ စည်သူအောင်မြင့်က ပြောသည်။

အစိုးရသည် ယခင်ဥပဒေများတွင် တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးခဲ့သော ပညာရေးဥပဒေကြမ်း ကို ဘုန်းတော်ကြီးများနှင့် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများအား သွေးထိုးလှုံ့ဆော်၍ ကြေညာချက်များထုတ်ကာ ကန့်ကွက်စေခြင်း၊ ဆောင်းပါးပေါင်းစုံကို အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်းခြင်း စသည့် ညစ်ပတ်သော နည်းလမ်းများသုံးလာခြင်း၊ အမျိုးသားလွှတ်တော်ဘက်ကလည်း ဥပဒေကြမ်းကြားနာပွဲများဖြင့် အချိန်ဆွဲပညာပြရန် လုပ်လာခြင်းကြောင့် ကျောင်းသားများ ရန်ကုန်ချီတက်ရေးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ဥပဒေထဲမှာ သမဂ္ဂဖွဲ့ခွင့်ဆိုတာမျိုးမပါတာက ကျောင်းသား တွေကို မခံမရပ်နိုင်ဖြစ်စေပါတယ်။ ချီတက်ဆန္ဒပြပွဲတွေဖြစ်တယ်ဆိုတာ အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က တစ်ဖက်သတ်ပြဋ္ဌာန်းခဲ့တာ ကျောင်းသားတွေပေးထားတဲ့ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ မသိကျိုးကျွန်ပြုခဲ့တာ၊ အဲဒါတွေ ကြောင့် မန္တလေးကနေ ရန်ကုန်ချီတက်ဆန္ဒပြပွဲဆိုတာ ဖြစ်လာတာပါ။ အဲဒီတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ အချိန်ဆွဲတာ၊ ကြန့်ကြာအောင်လုပ်တာ၊ သွယ်ဝိုက်လျစ်လျူရှုတာတွေကြောင့် ဆန္ဒပြပွဲတွေဖြစ်လာတာပါ’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

Credit to>>>  7Day News

0 comments:

Post a Comment