17.3.15

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ကေအိုင်အို ပြောကြား


ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကေအိုင်အို/ ကေအိုင်အေ အနေနှင့် ထာဝရ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် ယုံကြည်မှုနှင့် အခြေခံကောင်းများ တည်ဆောက်ပြီး အောင်မြင် သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက နိုင်ငံတော် သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ပြောကြားသည်။


မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ (ကေအိုင်အို) အထူးကိုယ်စားလှယ် အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထူးကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာလဂျာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် ဟန်ပြသွားမည့် နိုင်ငံရေးကစားသည့် ခရီးစဉ် မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ဆောင်ရမည့် အဓိကအချက်ကို ရှာဖွေ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အောင်မြင်သည့် အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ကေအိုင်အိုအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ်တွင် ကေအိုင်အို ဗဟိုကော်မတီအဖွဲ့ အနေနှင့် တစ်ခုတည်းသော တပ်မတော်နှင့် တစ်ဦးတည်းသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရှိရေးကို သဘောတူ လက်ခံနိုင်ကြောင်း၊ ကေအိုင်အိုအဖွဲ့ အနေနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အစိုးရ၊ တပ်မတော် အပါအဝင် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ကေအိုင်အိုအဖွဲ့နှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ၁၇ နှစ်တာကာလ အပစ်ရပ်စဲပြီးချိန် ငြိမ်းချမ်းခဲ့သည် အခြေအနေနှင့် လက်ရှိ မငြိမ်းချမ်းသည့် အခြေအနေကို နှိုင်းယှဉ်ကာ စစ်ဘေးဒဏ်ခံရသည့် ပြည်သူများကို စာနာထောက်ထားရမည် ဖြစ်ကြောင်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် လက်နက်ကိုင် တိုက်နေ၍ ပြီးဆုံးနိုင်မည် မဟုတ်ဘဲ မိမိတို့ကြောင့် ပြည်သူများ အားလုံး ဒုက္ခရောက်ကြရသည့် အဖြစ်မျိုး မဖြစ်စေဘဲ ကမ္ဘာ့အလယ်တွင် တင့်တယ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် သားစဉ်မြေးဆက် ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တမ်းတစ်ခုကို ချန်ထားရစ်ခဲ့နိုင်ရန် မိမိအနေနှင့် အလေးအနက် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

သမ္မတနှင့် ပထမအကြိမ် တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ အပါအဝင် ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီးခွန်နောင်၊ ဗိုလ်မှူးကြီးဇော်တောင်၊ ဒုတိယဗိုလ်မှူးကြီး ဆင်ဝါး၊ ဒုတိယဗိုလ်မှူးကြီး လအောင်တို့ တက်ရောက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် နီးကပ်လာချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ကေအိုင်အို အထူးကိုယ်စားလှယ်အဖွဲ့တို့ မတ်လ ၁၆ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တစ်ခုတည်းသော တပ်မတော်အဖြစ် ရှိရေးကို ကေအိုင်အိုက သဘောတူညီခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ များထံမှ သိရသည်။
Credit to>>>The Voice Weekly

0 comments:

Post a Comment