20.3.15

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ ရောက်ရှိ

 
 နေရောင်ခြည်စွမ်းအင်ဖြင့် ပထမဦးဆုံးကမ္ဘာပတ်ပျံသန်း နေသော ဆိုလာလေယာဉ် (Solar Impulse 2) သည် မတ်လ ၁၉ ရက် ညဦးပိုင်းက မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်နိုင်ခဲ့သည်။


ဆိုလာလေယာဉ်သည် ည ၇ နာရီခွဲကတည်းက တံတား ဦးလေဆိပ် ကောင်းကင်ပေါ် ရောက်ရှိနေသော်လည်း ပေါ့ပါးသည့် လေယာဉ်ဖြစ်သောကြောင့် ချက်ချင်းဆင်းသက်နိုင်ခြင်းမရှိဘဲ နာရီဝက်ကြာကွေ့ဝိုက်ပျံဝဲကာ ည ၈ နာရီခန့်တွင် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

ကုန်တင်လေယာဉ်တစ်စီး၊ လေယာဉ်နှစ်စီးနှင့် လူ ၇၀ ကျော်သည် ဆိုလာလေယာဉ်မရောက်ရှိ မီ မန္တလေးမြို့သို့ ကြိုတင်ရောက်ရှိနေခဲ့ပြီး ဆိုလာလေယာဉ်ဆင်းသက်ချိန်တွင် စက်ဘီးများ၊ လူအင်အားတို့ဖြင့် ဆင်းသက်မည့်နေရာ၌ အဆင်ပြေစေရန် ဆောင်ရွက်ခဲ့ကြသည်။  ဆိုလာလေယာဉ်တစ်စီးလုံး ၏ အလေးချိန်မှာနှစ်တန်ကျော်သာရှိပြီး ဆွစ်ဇာလန် လူမျိုးလေယာဉ်မောင်းသူများဖြစ်သည့် ဘော့ခ်ျဘာ့ဂ်နှင့် ဘာထရန်ပစ်ကတ်တို့က ၁၂ နှစ်ကြာ ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆိုလာလေယာဉ်အား လာရောက်ကြည့်ရှုလေ့လာမည်ဖြစ်ပြီး လေယာဉ်မှူးများနှင့် တွေ့ဆုံမည်ဖြစ်သည်။ မတ်လ ၂၂ ရက်တွင်တံတား ဦးလေဆိပ်မှ တရုတ်နိုင်ငံ ချုံကင်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ဖြင့် ကမ္ဘာပတ်နေသော လေယာဉ်သည် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှ မတ်လ ၉ ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးစဉ် ၁၂ ပိုင်း ခွဲခြားသတ်မှတ်ပျံသန်းနေကာ မြန်မာနိုင်ငံ ခရီးစဉ်မှာ စတုတ္ထပိုင်းဖြစ်သည်။

Credit to >>> 7Day News

0 comments:

Post a Comment