7.4.15

အီရန်နှင့် ရလိုက်သည့် နျူသဘောတူညီချက်သည် အစ္စရေးအတွက်ပါ အကျိုးဖြစ်စေမည်ဟု အိုဘားမားဆို

 
အီရန်နှင့် ကမ္ဘာ့ပါဝါနိုင်ငံကြီးများ ပြီးခဲ့သည့် သတင်းပတ်အတွင်း ရရှိလိုက်သည့် နျူကလီးယားဆိုင်ရာ မူဘောင်သဘောတူညီချက်သည် တစ်သက်တွင် တစ်ကြိမ်သာရသည့် အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သုံးသပ်ပြောဆိုလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။


အဆိုပါ နျူကလီးယားဆိုင်ရာ ကနဦးသဘောတူညီမှုနှင့် ပတ်သက်၍ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေစဉ် သမ္မတအိုဘားမားက ယင်းသဘောတူညီချက်သည် အစ္စရေး အတွက်သာမက အရှေ့အလယ်ပိုင်းဒေသ အတွက် တည်ငြိမ်အေးချမ်းမှု အချို့ကို ဆောင်ကြဉ်းပေးနိုင်မည့် အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီသဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ကြဉ်းပေးမယ့် တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးကြီး တစ်ခုပါ။ အစ္စရေးအတွက်သာ မကပါဘူး၊ အခြားနိုင်ငံအတွက်လည်း တည်ငြိမ်မှု ပေးနိုင်မယ့် သဘောတူညီချက်ပါ” ဟု အိုဘားမားက New York Times သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သုံးသပ်ပြောဆိုသည်။

သို့သော် အီရန်နှင့် ရယူလိုက်သည့် နျူကလီးယားဆိုင်ရာ ကနဦး သဘောတူညီချက်နှင့် ပတ်သက်၍ အယုံအကြည်ကင်းမဲ့နေသော အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များ ကျန်ရှိနေသေးပြီး အိုဘားမား အနေနှင့်လည်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုချက်ရယူရဦးမည် ဖြစ်သည်။

မိမိသမ္မတ သက်တမ်းအတွင်း လုပ်ဆောင်ခဲ့သည်များ၏ အကျိုးဆက်များ သို့မဟုတ် လွဲမှားမှုများကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း၊ အကယ်၍ ယခုလုပ်ဆောင်ချက်ကြောင့် အစ္စရေးဘက်တွင် အားနည်းချက်များ ပိုရှိလာမည် ဆိုပါက ယင်းကိစ္စသည် မဟာဗျူဟာလွဲမှားမှု ဖြစ်ရုံမျှမက ကျင့်ဝတ်ပိုင်းဆိုင်ရာ မှားယွင်းမှုတစ်ရပ်လည်း ဖြစ်နိုင်ကြောင်း အိုဘားမားက ဆိုသည်။

အီရန်နှင့် ရရှိလိုက်သော သဘောတူညီချက်နှင့် ပတ်သက်၍ အစ္စရေးပြည်သူများကို မည်သည့်မှတ်ချက် ပေးလိုပါသနည်းဟု မေးမြန်းရာ အစ္စရေးပြည်သူများ အနေနှင့် အီရန်ကိစ္စအပေါ် စိုးရိမ်ပူပန်ပိုင်ခွင့် ရှိကြောင်း၊ အလားတူပင် အီရန်တို့ အနေနှင့်လည်း နျူကလီးယားလက်နက် ထုတ်လုပ်တပ်ဆင်မှု မပြုနိုင်တော့မည့် အရေးကိစ္စအတွက် စိုးရိမ်ပူပန်ကြမည် ဖြစ်ကြောင်း ဖြေကြားသည်။

“ဆွစ်ဇာလန်မှာ ရရှိလိုက်တဲ့ အဲဒီသဘောတူညီချက်ထက် ပိုကောင်းတဲ့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး” ဟု သမ္မတအိုဘားမားက ဆိုသည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကမူ အီရန်နျူကလီးယား သဘောတူညီချက်သည် အစ္စရေးနိုင်ငံ၏ ရပ်တည်မှုအပေါ် ကြီးမားသည့် အန္တရာယ်ပေးလာနိုင်သည်ဟု ပြောဆိုပြီး ကန့်ကွက်ရှုတ်ချထားသည်။


Credit to : The Voice

0 comments:

Post a Comment