1.4.15

ဆန္ဒထုတ်ဖော်သူများကို လက်ပတ်နီဝတ် အရပ်သားသုံး ဖြိုခွင်းမှုအစီရင်ခံစာ နိုင်ငံတော်သမ္မတထံ ပေးပို့


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ကျောင်းသား များကို အကြမ်းမဖက်ရန် ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး ဆန္ဒထုတ်ဖော်သူ များကို လက်ပတ်နီဝတ် အရပ်သား အသုံးပြုဖြိုခွင်းခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ စစ်ဆေးထားသည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။


ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာကို မတ်လ ၃၁ ရက်နေ့တွင် အပြီးသတ် ရေးသားပြီးနောက် နိုင်ငံတော်သမ္မတထံ ပေးပို့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါအစီရင်ခံစာတွင် လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုပြီး ဆန္ဒထုတ်ဖော်သူများ ဖြိုခွဲခြင်းသည် လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုရှိ မရှိ ကို စိစစ်ရေးသားထားခြင်း ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ပြောဆိုနိုင်ခြင်းမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦး က “သူတို့က ပို့တယ်ဆိုရင်တော့ သူ့လမ်းကြောင်းနဲ့သူ သမ္မတဆီကို ရောက်လာမှာပါ၊ ဒီဘက်က အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာတွေ အရ ဆက်လက် ဆောင်ရွက်မှာပါ” ဟုဆိုသည်။

အမျိုးသားပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေး ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေး အတွက် တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် များက ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် တာဝန်လက်ပတ်ဝတ် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ရိုက်နှက်ဖြိုခွဲပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးနှင့် ကျောင်းသားငါးဦး ဖမ်းဆီး ထိန်းသိမ်းခံရသည်။

ယင်းနောက် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပြန်လွှတ်ပေးသော်လည်း လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် ညီညွတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

သို့သော်လည်း လက်ပတ်နီပတ် အရပ်သားများ အသုံးပြု ဆန္ဒထုတ်ဖော်သူများ ဖြိုခွင်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စစ်ဆေးရန်အတွက် စုံစမ်းရေး ကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတက မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ထုတ်ပြန် ကြေညာထားသည်။

Credit to : The Voice

0 comments:

Post a Comment