29.5.15

ငပလီကမ်းခြေကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန်စီစဉ်

မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေကို ခရီးသွားလာမှု လမ်းညွှန်တစ်ခုဖြစ်သည့် Trip Advison ၀က်ဘ်ဆိုက်မှ ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် ဖော်ပြခြင်းခံရသဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း MTF မှသိရသည်။

“ငပလီကမ်းခြေက ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုထဲမှာ တစ်ခုအပါအ၀င်ပါ။ အဓိက,က ထိုင်းခရီးသွားတွေနဲ့ ထိုင်းနိုင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါ ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ဒီလေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲဖို့က ဒီနှစ်ကုန်လောက်မှာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေလည်း အများကြီးတိုးတက် လာနိုင်ပါတယ်” ဟု MTF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ငပလီကမ်းခြေသည် ကမ်းခြေတစ်လျှောက်ရှိ သုံးကီလိုမီတာခန့်တွင် ခရုခွံများ၊ ကျောက်တုံးများနှင့် ပျံကျဈေးသည်များမရှိဘဲ တိတ်ဆိတ်ငြိမ်သက်သည့် ကမ်းခြေဖြစ်ခြင်းကြောင့် ယခုစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


ငပလီကမ်းခြေ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်များကို ယခင်နှစ် ဇွန်လ ပထမပတ်မှစတင်၍ စက်တင်ဘာလအထိ ခေတ္တပိတ်ထားရာမှ ယခုနှစ်တွင် ဟိုတယ်အချို့ကို စမ်းသပ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ထို့ပြင်အဆိုပါ ကမ်းခြေတွင် Oriental Ballooning ကုမ္ပဏီမှ လေးဦး (သို့မဟုတ်) ရှစ်ဦး အပျော်စီးမိုးပျံ ပူဖောင်းဖြင့် လာမည့် ပွင့်လင်းရာသီ အောက်တိုဘာလမှ စတင်၍ ပြေးဆွဲရန် စီစဉ်ထားပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်လည်ပတ်မှု တိုးတက်လာစေရန် လေကြောင်းလိုင်းနှင့် လေဆိပ်များ ပြုပြင်တည်ဆောက်ခြင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသွား ခုနစ်သန်း ၀င်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Credit to>>>Eleven Media

0 comments:

Post a Comment