22.5.15

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာအစိုးရ ကြေညာ

 အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် ပြဿနာတစ်ရပ် ဖြစ်လာသည့် ဘဂါင်္လီ လှေစီးဒုက္ခသည်များကို လက်ခံသွားရန် အသင့်ရှိကြောင်း ဂမ်ဘီယာ နိုင်ငံက ကြေညာချက် ထုတ်ပြန်ခဲ့သည်။


ဘဝတူ မွတ်ဆလင်များကို ခိုလှုံရာနေရာ ဖန်တီးပေးနိုင်ရေးသည် မိမိတို့၏ မွန်မြတ်သော တာဝန်တစ်ရပ်အဖြစ် ခံယူထားကြောင်း ဂမ်ဘီယာ အစိုးရ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ အနောက်အာဖရိက ဒေသရှိ နိုင်ငံက အဆိုပါ လှေစီးဒုက္ခသည်များကို မိမိတို့နိုင်ငံ ကမ်းခြေသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် ပံ့ပိုးကူညီကြပါရန်လည်း နိုင်ငံတကာသို့ ပန်ကြားခဲ့သည်။

 မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ထွက်ခွာလာပြီး အန်ဒမန် ပင်လယ်ကို ဖြတ်ကျော်ကာ မလေးရှားနှင့် အင်ဒိုနီးရှားတို့သို့ ခိုလှုံဝင်ရောက်ရန် ကြိုးပမ်းနေသည့် ဘဂါင်္လီ ဒုက္ခသည်ပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး ပင်လယ်ထဲတွင် ရှိနေဆဲဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ဂမ်ဘီယာ အစိုးရက မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ဒုက္ခသည်များ အနေဖြင့် ဆိုးရွားသည့် ဖိနှိပ်မှုများ ကြုံနေရကြောင်း စွပ်စွဲခဲ့ပြီး ယင်းတို့ကို လက်သင့်ခံသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။


“မြန်မာနိုင်ငံက ဘင်္ဂါလီမျိုးနွယ်တွေ၊ အထူးသဖြင့် လှေစီးဒုက္ခသည်လို့ ခေါ်ဝေါ်ခံရသူတွေက ဆိုးဆိုးရွားရွား ရက်ရက်စက်စက် ပြုမူခံနေရာတဲ့အတွက် ဂမ်ဘီယာ အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မိပါတယ်။ အခုဆိုရင် လှေစီးဒုက္ခသည်တွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန်တွေမှာ မျောပါနေကြတာပါ။ သူတို့ဟာ လူသားတွေဖြစ်ပြီး အထူးသဖြင့် မွတ်ဆလင်တွေပါ။ လက်ရှိ သူတို့ကြုံနေရတဲ့ ဒုက္ခတွေကို သက်သာပြေပျောက်အောင် ကူညီဖို့က ကျွန်ုပ်တို့ရဲ့ အမွန်မြတ်ဆုံး တာဝန်တစ်ခု ဖြစ်ပါလိမ့်မယ်”ဟု ဂမ်ဘီယာ အစိုးရက ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ဘဂါင်္လီများကို ရိုဟင်ဂျာဆိုသော ဝေါဟာရဖြင့် သုံးနှုန်းသွားခဲ့သည်။

ထို့အပြင် လှေစီးဒုက္ခသည်များကို လက်ခံပြီးချိန်တွင် ဒုက္ခသည် စခန်းများ ထူထောင်ပေးရန်အတွက် ရွက်ဖျင်တဲများ၊ အိမ်သုံးပစ္စည်းနှင့် ဆေးဝါးများကို နိုင်ငံတကာ အသိုက်အဝန်းက ပံ့ပိုးကူညီကြရန်လည်း ဂမ်ဘီယာ အစိုးရက တိုက်တွန်းထားသည်။

ဂမ်ဘီယာ သမ္မတ ယာဟ်ယာ ဂျမ်မားဟ်၏ ယခုလုပ်ရပ်သည် အဓိပ္ပါယ် မရှိလှဟု နိုင်ငံတကာအရေး လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။ ၎င်းအနေဖြင့် ဘဂါင်္လီ ဒုက္ခသည်များ အရေးကို ကိုင်တွယ်ရန် စိတ်မကူးမီ မိမိနိုင်ငံသားများ၏ အလားတူ အရေးကိစ္စကို ဦးစွာ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ပြီးခဲ့သည့် ၁၈ လအတွင်း ဂမ်ဘီယာနှင့် အိမ်နီးချင်း နိုင်ငံများမှ ထွက်ပြေးပြီး မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ ဥရောပတိုက်သို့ ခိုဝင်ရန် ကြိုးစားသူ ဒုက္ခသည် ၅၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရာ ယင်းဖြစ်ရပ်မျိုးကိုပင် မတားဆီးနိုင်ဘဲ ဘဂါင်္လီများအရေးတွင် ကူညီရန် လက်ကမ်းသည် ဆိုခြင်းမှာ လက်တွေ့ကျရန် အလှမ်းဝေးလွန်းနေသည်။

ထို့အပြင် ဂမ်ဘီယာ အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ တရားရေး ဘက်လိုက်မှု၊ မီဒီယာများအပေါ် ဖိနှိပ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားလျက် ရှိသည်။ မွတ်ဆလင် အများစု နေထိုင်သည့် နိုင်ငံတွင် လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံသည် တစ်နေ့လုပ်ခ ၁.၂၅ ဒေါ်လာအောက်သာ ရရှိကြောင်းလည်း ၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ လူသားရေးရာ ဖွံ့ဖြိုးမှု အစီရင်ခံစာအရ သိရှိရသည်။
Credit to>>>AFP

0 comments:

Post a Comment