2.6.15

ဆီးဂိမ်းအုပ်စု အဖွင့်ပွဲကို အနိုင်ရရန် အဓိကထားပြင်ဆင်မည်ဟု ဦးကြည်လွင် ဆို


၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် ဖြစ်သည့် အင်ဒိုနီးရှား နှင့်ပွဲကို အနိုင်ကစားရန် အဓိကထား ပြင်ဆင်သွားမည်ဟု မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ပြောသည်။


မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် အုပ်စုအဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ MRTV နှင့် MRTV Entertainment တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်သည်။

"အင်ဒိုနီးရှားအသင်း သာမက ပြိုင်ဘက်တိုင်းကို လေးလေးစားစားနဲ့ တုံ့ပြန် ယှဉ်ပြိုင်မှာပါ။ ဘောလုံးဟာ ဘာမဆို ဖြစ်တတ်ပါတယ်။အုပ်စုအဖွင့်ပွဲဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲကို အနိုင်ရဖို့ အဓိက ပြင်ဆင်နေပါတယ်။ တစ်ပွဲချင်း တစ်ဆင့်ချင်းပဲ အနိုင်ရအောင် လုပ်သွားမှာပါ။ အသင်းအနေနဲ့ တစ်ဦးကောင်း တစ်ယောက်ကောင်း စုဖွဲ့ထားတာ မဟုတ်ပါဘူး။ အသင်းလိုက် ကစားအား ကောင်းကောင်းနဲ့ ကစားဖို့ ပြင်ဆင်ထားပါတယ်။ အုပ်စုတွင်းမှာ ပြိုင်ဘက်တိုင်းက အသင်းကောင်း ချည်းပါပဲ။ ဘယ်အသင်းမှ လျှော့တွက်ထားတာ မရှိသလို ဘယ်အသင်းကိုမှလည်း ရှိန်နေမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ကတော့ ပြိုင်ပွဲဝင် အသင်းတိုင်း ရည်မှန်းထားကြတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ မြန်မာယူ ၂၃ အသင်းလည်း ရွှေရဖို့ လာပြိုင်တာပါ " ဟု ဦးကြည်လွင်က ပြောသည်။

မြန်မာ ယူ-၂၃ အသင်းကို ဆီးဂိမ်းပြိုင်ပွဲအတွက် နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လမှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် ဂျပန်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများသို့ သွားရောက်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
Credit to>>>Mizzima

0 comments:

Post a Comment