5.6.15

လော်ခီးလာက တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အပစ်ရပ် လက်မှတ် ထိုးနိုင်ရေး ပြဿနာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ ကျင်းပနေသော NCCT ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် ၃ ရက်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌ မူတူးစေဖိုးက NCA ကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပြီး သွေးထွက် သံယိုမရှိသည့် နိုင်ငံရေးတိုက်ပွဲဝင်ဖို့ ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။


NCA ကို လက်မှတ်ရေးထိုးနိုင်မှသာ နိုင်ငံရေးဆွေးနွေးပွဲများဆီ ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်၍ အမြန်ဆုံး အဆုံးသတ်ရန်လည်း မျှော်လင့်နေကြသည်။ သို့သော် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့အနက် MNDAA၊ TNLA ၊ AA သုံးဖွဲ့ကို ပါဝင်မှုရပ်ဆိုင်းလိုက်ကြောင်း လော်ခီးလာတွေ့ဆုံပွဲ ဒုတိယနေ့တွင် တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ယင်းအဖွဲ့ ၃ ဖွဲ့မှ ခေါင်းဆောင်များလည်း တက်ရောက်ခြင်းမရှိကြောင်း သိရပါသည်။

လော်ခီးလာ တွေ့ဆုံဆွေးနွေးပွဲ မစတင်မီကလည်း အင်အားကြီး လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော UWSA၊ NDAA (မိုင်းလား) ၊ RCSS/SSA ကဲ့သို့ အဖွဲ့များက တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောခဲ့သလို အမှန်တကယ်တွေ့ဆုံပွဲ ကျင်းပ ချိန်တွင်လည်း တက်ရောက်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ယင်းအဖွဲ့ ၃ ဖွဲ့ မတက်ရောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအကြား အာဏာလွန်ဆွဲမှု၊ စည်းလုံးညီညွတ်မှုမရှိဟူသော သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။
“ ရည်ရွယ်ချက်က ကောင်းပါတယ်၊ ဒါပေမယ့် အပစ်ရပ်လက်မှတ်ထိုးဖို့က ဖြစ်နိုင်ပါ့မလား၊ အစိုးရဘက်ကို ပြောတာ မဟုတ်ဘူး၊ NCCT ကိုပြောတာ၊ အခု ၁၆ ဖွဲ့ထဲကနေ ၃ ဖွဲ့က နှုတ်ထွက်မယ်ပြောတယ်၊ ‘၀’ တို့ မိုင်းလားတို့ ကလည်း လက်မှတ်မထိုးဘူးလို့ကြားတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာကို ညှိနှိုင်းလို့မရသေးဘူး၊ ဘယ်သူက ဆရာလဲ တော့ မသိဘူး၊ လော်ခီးလာရလဒ်က အခြေအနေ မကောင်းနိုင်ဘူးလို့ မြင်တယ် ” ဟု တိုင်းရင်းသား အရေး လေ့လာ စောင့်ကြည့်သူ သတင်းထောက်တစ်ဦးက ပြောသည်။
လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲတွင် အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်၍ မူတူးစေးဖိုးလို အပြုသဘော ဆောင်စွာ ပြောဆိုမှုရှိပေမယ့် UNFC ဥက္ကဋ္ဌ အင်ဘန်လကမူ တိုင်းရင်းသားလက်နက်ကိုင်များအကြား ထင်ယောင်ထင်မှား ဖြစ်စေမည့် စကားများကို ပြောဆိုသွားခဲ့သည်။ အထူးသဖြင့် အစိုးရရော ပြည်သူကပါ လက်မခံသော MNDAA အဖွဲ့အား အင်ဘန်လက အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးခွင့်ပြုရေး တိုက်တွန်းပြောဆိုသွားကြောင်း သိရသည်။ ထိုအကြောင်း အရာကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေပြီး အပစ်ရပ်ကိစ္စမှာလည်း ကြန့်ကြာသွားနိုင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဝေဖန်ပြောဆိုနေကြသည်။

“ အင်ဘန်လက အစိုးရနဲ့ လက်နက်ကိုင်တွေကြားမှာ သွေးခွဲနေတာ၊ ကိုးကန့်သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်ရင် ဘယ်သူကမှ လက်မခံတဲ့ကိစ္စပါ၊ ဖုန်ကြားရှင်ရဲ့ လုပ်ရပ်ကိုလည်း လုံးဝခွင့်လွှတ်စရာ အကြောင်းမရှိဘူး၊ အဲဒီ MNDAA အဖွဲ့ကြောင့် လောက်ကိုင်ဒေသ ဘာဖြစ်နေလဲ ကြည့်ပါ၊ လောက်ကိုင်ကို စတိုက်တာ အဲဒီအဖွဲ့လေ၊ဒါကို ခွင့်လွှတ်ပေးဖို့ ပြောတာဟာ ရိုးရိုးသားသား မဖြစ်နိုင်ဘူး၊ အင်ဘန်လက ဖုန်ကြားရှင် ဘက်တော်သားပဲ ဖြစ်ရမယ်၊ MNDAA အဖွဲ့ကို ပြည်ပရန်သူသဖွယ်တော့ မဆက်ဆံသင့်ဘူးဆိုပြီး ပြောလာတယ်၊ ဖုန်ကြားရှင်ကြောင့် တရုတ်နဲ့ မြန်မာနိုင်ငံကြား ပြဿနာ တွေဖြစ်ခဲ့ရတယ် ၊ ကျည်ကျရောက်မှုကိစ္စတွေကြောင့် နှစ်နိုင်ငံ တွေ့ဆုံရှင်းလင်းမှုတွေ လုပ်ရတယ်၊ အဲဒီလို ပြဿနာတွေ သယ်လာတဲ့ ဖုန်ကြားရှင်ကို အသာတကြည် လက်ခံရမှာလား၊ နိုင်ငံရေးနဲ့ လက်နက်လဲရင်လဲ၊ မလဲရင် အပြတ်သာတိုက် လိုက်တော့ ” ဟု နိုင်ငံရေး လေ့လာကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ပြောသည်။

အပစ်ရပ်ကိစ္စဆွေးနွေးနေသော လော်ခီးလာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ၀ါးအစည်းပြေသကဲ့သို့ သူတစ်လူ ငါတစ်မင်းဖြစ်နေမှုကြောင့် အပစ်ရပ်စာချုပ် အဆုံးသတ်နိုင်ရေးမှာ ကြန့်ကြာသွားဖွယ်ရှိကြောင်းနှင့် အပစ် မရပ်ခြင်း နောက်ကွယ်မှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်မိကြောင်း ငြိမ်းချမ်းရေးလိုလားသူ ပြည်သူ အချို့က ပြောဆိုမှုများ ရှိနေပါသည်။
“ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အပစ်ရပ်လက်မှတ်ထိုးတဲ့အထဲမှာ လက်နက်ကိုင်တွေအားလုံးပါစေချင်တယ်ဆိုပြီး တိုက်တွန်းကြပါတယ်၊ လောလောဆယ် အနေအထားအရ အားလုံးပါဝင်ဖို့ မမြင်ပါဘူး၊ ‘၀’ ၊ မိုင်းလားနဲ့ က မထိုးဘူး၊ NCCT အဖွဲ့ထဲကနေ MNDAA၊ TNLA နဲ့ AA က ထွက်သွားမယ်လို့ ပြောတယ်၊ အခု KNPP ကလည်း လက်နက်ကိုင် အားလုံးပါဝင်မှ ထိုးမယ်ဆိုပြီး ပြောလာတယ်၊ လော်ခီးလာဆွေးနွေးပွဲဟာ ထင်သလောက် ရလဒ်ကောင်း မထွက်နိုင်ပါဘူး၊ ဒါဟာ စိတ်မကောင်းစရာပေါ့ ” ဟု လှိုင်းဘွဲ့မြို့ခံ ကျောင်းဆရာတစ်ဦးကလည်း ပြောကြားသွားသည်။
Credit to>>> Myanmar Online News

0 comments:

Post a Comment