12.8.15

ရွေးကောက်ပွဲဝင်မည့် တပ်မတော်အရာရှိ ၅၀ ကျော်အငြိမ်းစားယူ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုလိုက်သည့်
တပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ အပါအ၀င် တပ်မတော်သား ၅၀ ကျော် ကို ကာကွယ်ရေး
ဦးစီးချုပ်ရုံးက အငြိမ်းစား ယူခွင့်ပြုလိုက်ပြီဖြစ်သည်။

"မနက်က အစည်းအဝေးမှာပဲ ပြည်ခိုင်ဖြိုး ဘက်က ၅၀ ကျော်လက်ခံဖို့ အတည်ပြုလိုက်တယ်။
ရွေးလိုက်တဲ့သူတွေကို အငြိမ်းစားယူဖို့ တပ်မတော်က အခုပဲ အမိန့်ထုတ်ပေးလိုက်တယ်လို့
သိရတယ်။ အမိန့်ထုတ်ပေးတယ်ဆိုတာက သူတို့ ပြိုင်မယ့် နေရာတွေကို သွားပြီး မိတ်ဆက်
တာတို့ လုပ်လို့ရအောင်ပါ" ဟု ဩဂုတ် လ ၁၁ ရက်နေ့က ပြုလုပ်သည့် ပြည်ခိုင် ဖြိုးပါတီ၏
ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးတွင် ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက
ပြောသည်။
တပ်မတော်နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းမှ ထွက်ပေါ်နေသည့် သတင်းများအရ
အငြိမ်းစားယူသည့် တပ်မတော်အရာရှိများတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး လှဌေး ၀င်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊
ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်စိုး၊ အမှတ် (၂) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ်၊ အမှတ်
(၃) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ အမှတ် (၄) စစ်ဆင်ရေး အထူး
အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့အပါအ၀င် ဗိုလ်ချုပ်အဆင့်ပုဂ္ဂိုလ်များ ပါဝင်ကြောင်း
သိရသည်။
ယင်းသတင်း အတည်ပြုရန် ဩဂုတ် လ ၁၁ ရက်နေ့က ကာကွယ်ရေးဝန်ကြီး ဌာန
လက်အောက်ရှိ ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး
(ကကပြည်)ကို မြန်မာတိုင်း(မ်) က ဆက်သွယ်မေးမြန်းရာ "အတည်ပြုလို့ ရသလို
အတည်ပြုလို့လည်း မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားဝင်စာ မထွက်သေးလို့ပါ "ဟု
အဆိုပါ ရုံးမှ ဒုတိယ ဗိုလ်မှူးကြီးအေးမင်းခန့်က ပြောသည်။
ရန်ကုန်တိုင်းဒေသတွင် ၀င်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း
စာရင်းအရ ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉)မှ
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုကိုးကျွန်း မဲဆန္ဒနယ် တွင် ဗိုလ်ချုပ်ကြီး သူရသက်ဆွေက
ပြည်သူ့ လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီမှ ရရှိသောသတင်း များအရ နိုဝင်ဘာလ ၈ နေ့တွင် ပါတီအောက်မှ
ဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်သား ကိုယ်စားလှယ် ၁၄၀ နှင့် အစိုးရဘက်မှ ၅၀ ၀န်းကျင်ခန့်
စာရင်းပေးထားကြောင်း သိရသည်။ ယင်းစာရင်း တင်ထားသူများထဲမှ ကိုယ်စားလှယ်လောင်း
ရွေးချယ်ရေး ဗဟိုကော်မတီက ပါတီ သတ်မှတ်ချက်နှင့်အညီ ရွေးချယ်လျက်ရှိ ရာ ယာယီ
စာရင်းအရ တပ်မတော်မှ ၅၇ ဦး နှင့် အစိုးရအဖွဲ့မှ ၄၀ ကျော်ရွေးချယ်ထား သည်။ ပါတီမှ
ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ် ခံထားသည့် ကိုယ်စားလှယ်လောင်း ၃၀၀ အား ကြိုဆို
မိတ်ဆက်မည့် အခမ်းအနားကို ယနေ့ (ဩဂုတ်လ ၁၂ ရက်နေ့)တွင် နေပြည်တော်ရှိ
ပါတီဌာနချုပ်တွင် ပြုလုပ်မည်ဖြစ်သည်။
သို့သော် တပ်မတော်မှ ကိုယ်စားလှယ်လောင်းများ ပါဝင်မည်မဟုတ်ဘဲ အစိုးရအဖွဲ့ဝင်များ
အပါအ၀င် ပြင်ပမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်အသစ်များကိုသာ
ဖိတ်ကြား ထားသည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောသည်။
ကိုယ်စားလှယ်လောင်း စာရင်းများကို ဩဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားကာ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သော်လည်း ပါတီအနေဖြင့်
အပြီးသတ် မရွေးချယ်နိုင်သေးကြောင်း သိရသည်။
Credit to>>>မြန်မာတိုင်းမ်

0 comments:

Post a Comment