15.9.15

လွိုင်လင်ခရိုင် မိုင်းပွန်မြို့တွင် တိုက်ပွဲများကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့ရှိ နောင်ပါးတပ်ရွာတွင် တပ်မတော်နှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသားများ ရွာတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ပစ်ခတ်မှုကြောင့် နောင်ပါးတပ်ရွာတွင် ငါးဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံးပြီး တစ်ဦးမှာ ခြေထောက်နှင့် လက်တို့တွင် ပြတ်လုနီး ဓားခုတ်ဒဏ်ရာဖြင့် တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခန့်တွင် ရောက်လာကြောင်း သတင်းရရှိသည်။
“ဖြစ်စဉ်က နောင်ပါးတပ်ရွာက မိုင်းပွန်နဲ့ ၁၈ မိုင်လောက်ဝေးတယ်။ တောင်ကုန်းမှာ ရှိတာပေါ့။ ရွာဓလေ့က ဥပုသ်အဖိတ်နေ့မှာ အလှူလုပ်တော့ ၀က်ပေါ်တာပေါ့။  မြင်လိုက်တော့ RCSS ထင်ပြီးတော့ အဝေးကနေ ဗုံးနဲ့ ပစ်လိုက်တာပေါ့။ ပစ်ရင်းနဲ့ တက်လာတာပေါ့။ သေနတ်နဲ့ ရွာသားတွေကို ပစ်တယ်။ လန့်ကြတာပေါ့။ မနေ့က ဖြစ်တာ။ ခြောက်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ပွဲချင်းပြီး သေတယ်။ လုံးတဆိုတဲ့သူကို ဒီနေ့တော့ စ၀်စံထွန်းဆေးရုံ တောင်ကြီးကို တင်ထားလိုက်ကြတယ်။ မိုင်းပွန်လွိုင်လင်ဆေးရုံက မနိုင်တော့လို့ပေါ့” ဟု မိုင်းပွန်ဒေသခံ ကိုစိုင်းကျော်က ပြောကြားသည်။

ထိုသို့ ဓားဖြင့် အခုတ်ခံရသော လူနာကို မွန်းဖေရွာသို့ သယ်လာကြပြီး ထိုမှတစ်ဆင့် ပင်လုံကားဖြင့် တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ သယ်ယူလာရကြောင်း သိရသည်။

မိုင်းပွန်မြို့ရှိ နောင်ပါးတပ်ရွာတွင် တပ်မတော်မှ တပ်စွဲထားသဖြင့် အပြင်လူများ ရွာသို့ လာရောက်၍ မရသလို တချို့က မိုင်းပွန်မြို့သို့ လာရောက်ခိုလှုံကြကြောင်း သိရသည်။

အစိုးရတပ်မတော်နှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့အကြား သဘောတူထားသည်မှာ ရှမ်းလက်နက်ကိုင်တပ်မှ မြို့ထဲသွားလျှင် အစိုးရတပ်ဆီ အကြောင်းကြားရသလို အစိုးရ တပ်မတော်မှလည်း ထိုဒေသတွင်း သွားလာလျှင် ဆက်ဆံရေးရုံးကို အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်၌ RCSS တရားဝင် ဆက်ဆံရေးရုံးတွင် အကြောင်းမကြားဘဲ သွားခဲ့မှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

“အခု စက်တင်ဘာ ၁၃ ရက် ည ၆ နာရီလောက်အထိ တိုက်ပွဲ အသေးလေးတွေ ဖြစ်နေတုန်းပဲလို့ သိရတယ်။ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး” ဟု ကိုစိုင်းကျော်က ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment