16.9.15

Net Ray SONY City Mart Slik Air MAI တပ်မတော်ကို အရပ်သားအစိုးရအောက်၌ ထားရန် အင်န်အယ်လ်ဒီ ကြေညာစာတမ်းတွင် ဖော်ပြထား

လှိုင်မြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆိုင်းဘုတ်ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စတစ်ကာကပ်နေသူ တစ်ဦးကို ယခုလ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယခုနှစ် ရွေးကောက်ပွဲတွင်အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ပါက
တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တရားတစ်ခုလုံးကို အုပ်ချုပ်ရေး မဏ္ဍိုင်ထဲတွင်သာ
ထားရှိရန် ဦးတည် ဆောင်ရွက်သွားမည်ဟု ယခုလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့်
ရွေးကောက်ပွဲကြေညာစာတမ်း (Manifesto)တွင် ဖော်ပြထားသည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စများအတွက် တပ်မတော်ကို ဒီမိုကရေစီကျပြီး
အများပြည်သူလေးစားသော အဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်မည်ဖြစ်သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့
ကိုလည်း ဥပဒေကို လေးစားလိုက်နာသော လွတ်လပ်သည့် ရဲတပ်ဖွဲ့ဖြစ်ရမည်ဟုဆိုသည်။
"ဒါက ပါတီကချမှတ်ခဲ့တဲ့ ပေါ်လစီပိုင်းဆိုင်ရာ ကြေညာစာတမ်းဖြစ်တော့ အသေးစိတ်ကတော့
မပါဘူးလေ။ ဒီအထဲမှာပါတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ
အပြတ်အသတ် အနိုင်ရမှဖြစ်မယ်" ဟု အင်န်အယ်လ်ဒီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က
ဆိုသည်။
စာမျက်နှာ ၂၀ ပါဝင်သော အဆိုပါ ကြေညာချက်တွင် အင်န်အယ်လ်ဒီက ဖက်ဒရယ်ပြည်ထောင်စု
ကို ထူထောင်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအ၀င် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချမည့် ငွေကြေးမူဝါဒ
စသည်တို့ကို ဖော်ပြထားပြီး ပွင့်လင်းမြင်သာမှုရှိပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို
ဦးတည်သော အစိုးရအဖွဲ့အစည်းဖြစ်ရေး စသည်တို့ကို အထူးတလည်ဖော်ပြထားသည်။
ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ၊ ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့်အပြင် ဟန်ချက်ညီသော ဖွံ့ဖြိုးရေးကိုလည်း ဦးတည်ဆောင်ရွက်မည်ဟု
ဖော်ပြထားသည်။
ကြေညာစာတမ်း၏ အမှာစာတွင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သည် ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားရင်ကြားစေ့ရေးမူကို တစ်စိုက်မတ်မတ်
ကိုင်စွဲသွားမည်ဟု ဖော်ပြထားသည်။
"ဒီကြေညာစာတမ်းမှာပါတဲ့ အချက်တွေကတော့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့ လိုလားချက်၊
လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အတွက် အတော်လေးကို အားရမိတယ်။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်သရွေ့ကတော့ အင်န်အယ်လ်ဒီအနေနဲ့ အစိုးရဖွဲ့နိုင်စေဦးတော့
တပ်မတော်က သဘောမကျတဲ့ ဘယ်ကိစ္စကိုမှ လုပ်လို့ရမှာ မဟုတ်ဘူး"ဟု နိုင်ငံရေး လေ့လာသူ
ဦးသန်းစိုးနိုင်က ပြောသည်။
နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကလည်း "တပ်က စီးပွားရေးလည်း ကိုင်ထားတယ်၊
လုံခြုံရေးကောင်စီမှာလည်း လူအများစုပါတယ်၊ လွှတ်တော်အသီးသီးမှာလည်း ၂၅ ရာခိုင်နှုန်း
ရှိတယ်။ အဲဒါက အာဏာ သုံးရပ်စလုံး ရထားတယ်လို့ ဆိုလိုတယ်။ အဓိပ္ပာယ်က
အစိုးရအဖွဲ့ဖြစ်တဲ့ သမ္မတကိုရွေးဖို့လည်း ၂၅ ရာခိုင်နှုန်းပါတယ်။ ဖွဲ့စည်းပုံပြင်ရေးကျတော့
ဗီတိုအာဏာလို့ ပြောလို့ ရတယ်။ သူသဘောမတူရင် ပြင်လို့မရဘူး" ဟု ပြောသည်။
အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းအရ နိုင်ငံခြားရေးမူဝါဒမှာ အမှန်တကယ်
လွတ်လပ်တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားကာ နိုင်ငံတကာနှင့် ချစ်ကြည်ရေး
ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအရေးကိစ္စများတွင်လည်း စစ်မှန်သော
ဒီမိုကရေစီအခြေခံများ ဘက်ကရပ်တည်မည်ဟု ဖော်ပြထားသည်။
"နိုင်ငံခြားရေးမူဝါဒကတော့ ပြန်သုံး သပ်သင့်တယ်။ အရှေ့တောင်အာရှနိုင်ငံများမှာတောင်
စစ်မှန်တဲ့ ဒီမိုကရေစီအခြေခံရှိတဲ့ နိုင်ငံ နည်းသေးတယ်။ ပထ၀ီနိုင်ငံရေးအရ တရုတ်တို့၊
ဗီယက်နမ်တို့နဲ့လည်း ဆက်ဆံရဦးမှာ"ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
ကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက်ကြီး လေးချက်မှာ တိုင်းရင်းသားရေးရာနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူထုကို အကာအကွယ်ပေးမည့် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လူထုကို
အကာအကွယ်ပေးမည့် အစိုးရသစ် ဖွဲ့စည်းရေးနှင့် လွတ်လပ်လုံခြုံ သော ဖွံ့ဖြိုးတိုးတက်ရေးတို့
ဖြစ်သည်။

Credit To >>> Myanmar Times

0 comments:

Post a Comment