30.9.15

အမေရိကန် ထိပ်တန်း ရက်ပ်အဆိုတော် Redfoo ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်


အမေရိကန် ထိပ်တန်း ရက်ပ်အဆိုတောRedfoo တေးဂီတအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်၌ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
Redfoo သည် Party Rock အပါအ၀င် ထင်ရှားသည့် တေးသီချင်း များစွာကို သီဆိုထားသူဖြစ်ပြီး အက ပညာရှင်၊ ဒီဂျေ ပညာရှင်နှင့် အခြား အနုပညာ လုပ်ငန်းများစွာ၌လည်း ထင်ရှားသူ တစ်ဦးဖြစ်သည်။ အသက် ၄၀ ရှိပြီဖြစ်သည့် အမေရိကန်အဆိုတော် Redfoo သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် သီဆိုဖျော်ဖြေမည်ဖြစ်သည်။
“အမေရိကန် ထိပ်တန်း ရက်ပ်အဆိုတော် Redfoo မြန်မာနိုင်ငံကို လာရောက် ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်မှာပါ။ သူ့ရဲ့သီချင်းပေါင်း များစွာက အရမ်း အောင်မြင်ခဲ့တာပါ။ ကြီးကျယ် ခမ်းနားတဲ့ International Music Festival တစ်ခုအနေနဲ့ ကျင်းပသွားမှာပါ။ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မီဒီယာတွေ့ဆုံပွဲမှာ ရှင်းလင်း ပြသွားပါမယ်”ဟု အဆိုပါပွဲအား ပါဝင် စီစဉ်လျက်ရှိသည့် Uncle Ronnie’s Co.Ltd မှ ဦးသော်ငြိမ်းက ရှင်းပြသည်။
Redfoo သည် သူ၏ တူဖြစ်သူနှင့် တွဲဖက်ကာ ၂၀၀၆ ခုနှစ်တွင် Electro Pop Band ကို တည်ထောင်ခဲ့သည်။ ၎င်းတို့အဖွဲ့သည် ၂၀၀၈ ခုနှစ်တွင် Party Rock EPကို ဖြန့်ချိခဲ့ပြီး Billboard ၏ ထိပ်တန်း သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ ၎င်းတို့၏ ဒုတိယမြောက် အယ်လ်ဘမ် Sorry For Party Rocking ကို ၂၀၁၁ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ ထို့နောက် LMFAO အဖွဲ့သည် နိုင်ငံ အများအပြားသို့ လှည့်လည် ဖျော်ဖြေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ တူဖြစ်သူနှင့် တွဲဖက်ကာ ဖျော်ဖြေတော့မည် မဟုတ်ကြောင်း Redfoo က ထုတ်ပြန်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Redfoo သည် New Thang တေးသီချင်းကို ဖြန့်ချိခဲ့ရာ ထိပ်တန်း သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး YouTube တွင် ကြည့်ရှုသူ ၁၄၃ သန်းကျော်ခဲ့သည်။ Redfoo သည် အယ်လ်ဘမ်အသစ်ကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment