7.9.15

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ သမ္မတကို မတွေ့မီ စက်တင်ဘာ ၈ တွင် UWPC နှင့် အလွတ်သဘော ဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင် ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ (UWPC) ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

NCA စာချုပ် အပြီးသတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ စက်တင်ဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ရာ ယင်းဆွေးနွေးပွဲ မတိုင်မီ အကြိုတွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
“ဘာတွေဆွေးနွေးကြမယ် ဆိုတာတော့ မသိသေးဘူး။ အဓိကတော့ သမ္မတကြီးနဲ့ မတွေ့ခင် အကြိုတွေ့ဆုံတဲ့ သဘောပါပဲ” ဟု ဦးလှမောင်ရွှေက ထပ်လောင်းပြောကြားသည်။
နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းငါးဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ ထိပ်သီးခေါင်းဆောင်များနှင့် SD အဖွဲ့မှ ခေါင်းဆောင်များဖြစ်သည့် ဖဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးတို့ စက်တင်ဘာ ၉ ရက်နေ့တွင် NCA အပြီးသတ်နိုင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
ထို့အပြင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူရန် ကျန်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။

Credit To >>> The Voice News

0 comments:

Post a Comment