7.9.15

KIO/KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် ရန်ကုန်ရောက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးရေးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း KIO/KIA အဖွဲ့ထံမှ သိရှိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးပွဲကို တက်ရောက်ရန် စက်တင်ဘာလ ၆ ရက် ညပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရေးရှင်း (UNFC) ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်လာခြင်းလည်း ဖြစ်သည်။
“အရင်တုန်းက သမ္မတနဲ့ တွေ့ခဲ့ဖူးရင်တော့ မသိဘူး။ ခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ကတော့ ဒုဥက္ကဋ္ဌအနေနဲ့ သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့တာဖြစ်ပါတယ်။ ခုလို ဒုဥက္ကဋ္ဌ တက်ရောက်လို့ တစ်စုံတစ်ရာ အပြောင်းအလဲကို လုပ်နိုင်မလားဆိုတော့ ညှိနှိုင်းဆွေးနွေးမှု ရလဒ်ပေါ် မူတည်တယ်။ အပစ်အခတ်ရပ်စဲရေးကို ပိုခိုင်မာအောင် လုပ်ဆောင်မယ်ဆိုတဲ့ သဘောနဲ့ တက်ရောက်ပေမယ့် ညှိနှိုင်းဆွေးနွေးမှု ရလဒ်ကသာ အဓိကပါ” ဟု အဆိုပါ ပြန်ကြားရေး တာဝန်ရှိသူက ပြောကြားသည်။
KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ကချင်ပြည်နယ် လိုင်ဇာမှ စက်တင်ဘာလ ၃ ရက်ခန့်က ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၆ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများ ထပ်မံဆွေးနွေးဖြစ်ကြောင်း KIO/KIA အဖွဲ့ထံမှ သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “စက်တင်ဘာလ ၈ ရက်နေ့မှာတော့ ဝန်ကြီးဦးအောင်မင်းရဲ့ အစီအစဉ်နဲ့ နေပြည်တော်ကို သွားမယ်။ အဲဒီနေ့မှာပဲ ဝန်ကြီး ဦးအောင်မင်းနဲ့ အကြိုတွေ့ဆုံမှုတော့ ရှိနိုင်ပါတယ်။ အဲဒီကနေ နေပြည်တော်မှာ သမ္မတနဲ့ တွေ့ဆုံကြမှာပါ။ ဗိုလ်ချုပ်ကြီး အင်ဘန်လ အနေနဲ့ကတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းမိုင်မှာ နှစ်ခါလောက် အလွတ်သဘော တွေ့ဆုံခဲ့ဖူးပေမယ့် သမ္မတနဲ့ကတော့ ပြည်တွင်းမှာ ပထမဆုံး တွေ့ဆုံတာ ဟုတ်ပါတယ်။ အပြောင်းအလဲ ကိစ္စကတော့ ကျွန်တော်တို့က အကောင်းဘက်ကိုပဲ မျှော်လင့်ပါတယ်” ဟု The Voice သို့ ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်ရေး ကိစ္စများ အပါအဝင် နိုင်ငံရေးအရ အာမခံချက် အပြည့်အဝ နားလည်မှု ရရှိရေးအတွက် စက်တင်ဘာလ ၉ ရက်၌ နေပြည်တော်တွင် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ အဆင့်မြင့် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပြောကြားထားသည်။
တပ်မတော်နှင့် KIO/KIA ကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားသော်လည်း ၂၀၁၁ ခုနှစ်ပိုင်းက စ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ပြည်သူသိန်းနှင့်ချီ လေးနှစ်ကျော်ကြာ တိမ်းရှောင်နေရသည်။ လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းက တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သောကြောင့် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်နှင့် လောက်မိုင်ယန် ကျေးရွာအနီး ကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည်များ နီးစပ်ရာ ဒေသများရှိ ဒုက္ခသည်စခန်းများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

Credit To >>> The Voice News

0 comments:

Post a Comment