15.10.15

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည်

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၆၄-၃) ဖာလုံအနီးတွင် စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး)ထံမှ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တည်ဆောက်ခြင်းမှာ ယာဉ်မတော်တဆမှုများ နည်းပါးသွားရန် ရည်ရွယ်၍ စည်းကမ်းတကျ မောင်းနှင်မှု ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

““အဲဒီ စစ်ဆေးရေးဂိတ်မှာ ဘာတွေ စစ်မလဲဆိုတော့ ယာဉ်မောင်းက အရက်သောက်ထား သလားပေါ့။ အဲဒါမျိုးတွေ စစ်မယ်။ ဒီလို စစ်ဆေးတဲ့ ဂိတ်လေးလုပ်ရင် ယာဉ်တိမ်းမှောက်မှုတွေ နည်းနည်းသက်သာ သွားမလားပေါ့။ လျှပ်တစ်ပြက် ဖြစ်သွား တာမျိုးတော့ တတ်နိုင်မှာ မဟုတ်ဘူး။ စည်းကမ်းတကျဖြစ်ဖို့ အမြန်ကားတွေ လုံခြုံမှု ရှိ/မရှိပေါ့ ။ လောလောဆယ် မိုးတွေက အရမ်းရွာနေလို့ စခန်းဆောက်တာ ရပ်ထားရတယ်။ အဲဒီ စခန်းပြီးတာနဲ့ စစစ်ဆေးတော့ မှာပါ””ဟု ၎င်းက ပြောသည်။
စစ်ဆေးဂိတ် ဖွင့်လှစ်ရန် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းစစ်ဆေးရေးဂိတ်တွင် အမြန်လမ်းပေါ် မောင်းနှင်ရာ၌ ယာဉ်ကြံ့ခိုင်မှု ဖြစ်သော တာယာများ ကောင်းမွန်ခြင်း ရှိ/ မရှိ၊ ယာဉ်အောက်ပိုင်း ကြံ့ခိုင်မှု ရှိမရှိ၊ ယာဉ်မောင်းသူ လိုင်စင်အပြင် အရက်သေစာ သောက်စားမှု ရှိ/မရှိ အစရှိသည့် စံသတ်မှတ်ချက်များဖြင့် စစ်ဆေးသွား မည်ဖြစ်သည်။
““အမြန်လမ်းမှာ စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးဂိတ်တွေကို ကျွန်တော်တို့ ကားသမားတွေ ရှိစေချင်ခဲ့တာ ကြာပါပြီ။ ဒီလမ်းမှာ မှောက်တဲ့ကားက မနည်းတော့ ဘူးလေ။ ဒီကြားတဲ့ ဓားပြတွေကလည်း ကြားရတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်ရင် လူကြောင့်လား၊ လမ်းကြောင့်လား ကားကြောင့်လား စစ်ဆေးရမယ်။ ဒီအမြန်လမ်းမှာက လမ်းပိုင်းအားနည်းမှု အများကြီးပါ။ အခြားနိုင်ငံတွေဆို လမ်းဆောက်တဲ့ ကုမ္ပဏီ တရားစွဲခံရမှာ သေချာတယ်””ဟု နေပြည်တော်-မန္တလေး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်း ကိုကျော်စိုးလွင်က ပြောသည်။

Credit To >>> ပြည်မြန်မာ News 

0 comments:

Post a Comment