14.10.15

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့အား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ဝေဖန်

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဝေဖန်ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာ ၁၂ ရက်က ကြေညာချက် အမှတ် (၆၅/၂၀၁၅) ဖြင့် ထုတ်ပြန်သည့် ရှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် နယ်မြေများ စာရင်းတွင် ပန်ဆန်း (ပန်ခမ်း) မြို့နယ်တစ်ခုလုံး၊ ပန်ဝိုင်မြို့နယ်တစ်ခုလုံး၊ မိုင်းမောမြို့နယ် တစ်ခုလုံး၊ နားဖန်းမြို့နယ် တစ်ခုလုံး၊ မိုင်းလားမြို့နယ် တစ်ခုလုံး၊ မူဆယ်မြို့နယ် ကျေးရွာအုပ်စု လေးခု၊ ကုန်းကြမ်းမြို့နယ် ဟုံအိုက်ကျေးရွာအုပ်စု နှင့် ရှင်းထန်ကျေးရွာအုပ်စု၊ မန်တုံမြို့နယ် ဟောင်းကန် ကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကျေးရွာအုပ်စု၊ မိုင်းခတ်မြို့နယ် ကျေးရွာအုပ်စု လေးခု၊ မိုင်းယန်းမြို့နယ် ကျေးရွာအုပ်စု ၁၅ ခု၊ မိုင်းယောင်းမြို့နယ် ကျေးရွာအုပ်စုရှစ်ခု၊ မိုင်းတုံမြို့နယ် ကျေးရွာအုပ်စုလေးခု၊ မက်မန်းမြို့နယ် ကျေးရွာအုပ်စု ၁၇ ခုတို့ ပါဝင် ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်မှုတွင် ပါဝင်သည့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်များမှာ’’၀’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ်များဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ယင်းမြို့နယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မရှိကြောင်း သိရ သည်။ ပြည်သူ့လွှတ်တော် မိုင်းလားမဲဆန္ဒနယ်တွင်မူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
‘‘၀’’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ်များကို ပေါင်းစုထားသည့်  ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂)တွင် ပြည်ခိုင်ဖြိုးပါတီ၊ ‘‘၀’’ဒီမိုကရက်တစ်ပါ တီ၊ “၀’’အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း လေးဦး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော် မိုင်းလား မဲဆန္ဒနယ် (၁) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်  ရှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ မဲဆန္ဒနယ် (၂) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
မိုင်းလားမြို့နယ်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းသုံးဦး ၀င်ရောက် ယှဉ်ပြိုင်မည့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပSNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့်’’၀’’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းအတွက် နားမလည်ဟု ပြောကြားသည်။
‘‘ကျွန်တော်တို့ နားလည်ထားတာက တိုက်ပွဲဖြစ်တယ်။ နယ်မြေ မငြိမ်းချမ်းဘူး ဆိုရင်တော့ ရွေးကောက်ပွဲ မလုပ်ဘူးပေါ့နော်။ အခုမိုင်းလားတို့ ‘‘၀’’တို့နေရာတွေမှာက တိုက်ပွဲ ဖြစ်တယ် ဆိုတာလည်းမရှိဘူး။ အဲဒီတော့ တရားဥပဒေ စိုးမိုးမှု ဆိုင်ရာလုပ်ငန်းက ဘာကိုရည်ညွှန်းပြီးတော့မှ ပိတ်တယ်ဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး’’ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက ယင်းဒေသမှ ဒေသခံများက အမှန်တကယ် မဲပေးချင်သည် ဆိုပါက  ၎င်းတို့၏ ဆန္ဒအရ ကော်မရှင်ကို အကြောင်းကြားစာ ပေးပို့သွားမည်ဟု ပြောကြားသည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်၌ ပန်ဆန်း (ပန်ခမ်း) မြို့နယ်တစ်ခုလုံး၊ ပန်ဝိုင် မြို့နယ်တစ်ခုလုံး၊ မိုင်းမောမြို့နယ်တစ်ခုလုံး၊ နားဖန်းမြို့နယ် တစ်ခုလုံးနှင့် ကျန်ရှိသော မြို့နယ်ရှစ်ခုမှ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၇ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ ရက် ထုတ်ပြန်သည့် ကြေညာချက်များအရ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အချို့မြို့နယ်များနှင့် ကျေးရွာ အုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း သိရသည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment