1.12.15

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအား နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သည့် နိုင်ငံ၏ အဓိကလေဆိပ်တစ်ခုအဖြစ် မဖြစ်မနေဆောင်ရွက်ရမည်




အသစ်အကောင်အထည်ဖော် တည်ဆောက်သွားရန် စီမံကိန်းရေးဆွဲထားသည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သည့် နိုင်ငံ၏ အဓိကအချက်အချာကျသော ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအဖြစ် မဖြစ်မနေဆောင်ရွက်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။


ဟံသာဝတီလေဆိပ်တည်ဆောက်ရန် တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး မူလက ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းခဲ့သော်လည်း တင်ဒါပြန်လည်ခေါ်ယူခဲ့ခြင်း၊ တင်ဒါအောင် ကုမ္ပဏီမှ ချေးငွေရယူမှုဆိုင်ရာများ ညှိနှိုင်းဆွေးနွေးမှုများကြောင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ရည်မှန်းထားသည့်၂ဝ၂ဝ သို့မဟုတ် ၂ဝ၂၂ ခုနှစ် တွင် ပြီးစီးနိုင်မည်ဟု အကြမ်းဖျင်းလျာထားသတ်မှတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

'' ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံရဲ့ International Gate way ဖြစ်စေဖို့အတွက် မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ လေဆိပ်တစ်ခုအနေနဲ့ Aviation Hub Gate Way ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီလို Gate Way ရှိမှသာ အဲဒီနိုင်ငံရဲ့ Aviation Standard မြင့်မားမှုကို သတ်မှတ်တာဖြစ်ပါတယ်။ တို့နိုင်ငံမှာ ဒါမျိုးမရှိသေးဘူး။ ဟံသာဝတီလေဆိပ်ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်တယ်။ ဒီလိုလေဆိပ်ကြီးကိုပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းဟာ ဌာနနဲ့ နိုင်ငံရဲ့ အကြီးမားဆုံး ဂုဏ်ပုဒ် ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဟာ လူနေရပ်ကွက် အဆောက်အအုံတွေ နဲ့ ၂၄ နာရီ လေယာဉ်ဆင်းတက်လို့ မရဘူး။ အာဆီယံနိုင်ငံထဲမှာဆိုရင် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့ လောက်ပဲကျန်တော့တယ်။ ၂၄ နာရီ Operation လုပ်နိုင်မယ့် ဟံသာဝတီ လေဆိပ်ကြီးကို မဖြစ်မနေဆောင်ရွက် ရမှာဖြစ်တယ်။ ဒါကြောင့် Aviation Industry ကိုလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အခြားနိုင်ငံများရဲ့ လုပ်ဆောင်ချက်များကိုလည်း လေ့လာထားဖို့ လိုပါတယ်။ ဒီဌာနအနေနဲ့ လေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်'' ဟု ပို့ဆောင်ရေးကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အစည်းအဝေးခန်းမသို့ နိုဝင်ဘာ ၂၇ ရက်က ရောက်ရှိလာစဉ် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်မှုများဆောင်ရွက် နေပြီး တစ်နှစ်လျှင် ခရီးသည် ခြောက်သန်းထက်မက ဝင်ထွက်သွားလာ နိုင်ရန်စီမံခန့်ခွဲနိုင်သည်အထိ အဆင့်မြှင့်တင်လျက်ရှိသော်လည်း ပတ်ဝန်းကျင်တွင် လေဆိပ်အနီးရှိ အဆောက်အအုံများ၊ လမ်းများကြောင့် လေဆိပ်ကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ကန့်သက်ချက်နဲ့ အခက်အခဲများစွာရှိနေသောကြောင့် ဟံသာဝတီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတစ်ခုအဖြစ် တည်ဆောက်အကောင်အထည်ဖော်သွားရန်စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးချုပ်(ပူးတွဲ)ဦးမင်းလွင်က ကြေးမုံသတင်းစာသို့ ပြောကြားခဲ့သည်။

''ရန်ကုန်လေဆိပ်ဘေးမှာရှိတဲ့ လူနေအဆောက်အအုံတွေ၊ ကားလမ်းတွေက ကန့်သတ်ချက်လိုဖြစ်လာတယ်။ တိုးချဲ့ချင်သလောက် ချဲ့လို့ မရဘူး။ ဒါကြောင့်မို့လို့လည်း ဟံသာဝတီကို အပြည်ပြည်ဆိုင်ရာ ကွင်းသစ်အဖြစ် ဆောက်မယ်လို့ ရည်ရွယ်ခဲ့ပြီးတော့ တင်ဒါခေါ်တဲ့ လုပ်ငန်းတွေ၊ မြေနေရာရွေးချယ်တဲ့ လုပ်ငန်းတွေ၊ တင်ဒါရွေးချယ်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ကာ တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စကားပြောနေတဲ့ အဆင့်ရောက်နေပြီ''ဟု သြဂုတ် လကုန်ပိုင်းက ကြေးမုံသတင်းစာနှင့် သီးခြားတွေ့ဆုံစဉ် ဦးမင်းလွင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိပြီး သုံးကွင်းမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့ဖြစ်ပြီး ကွင်း ၃ဝ မှာ ပြည်တွင်းလေဆိပ်များဖြစ်၍ လုပ်ငန်းလည်ပတ်နေသည့် ကွင်းများဖြစ်ကြောင်း သိရသည်။

Credit To >>> Unofficial ကြေးမှုံသတင်းစာ

0 comments:

Post a Comment