26.12.15

ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့တို့တွင် ဆိုင်းဘုတ်များချကာ ကားပါကင်နေရာ ဦးထားမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ တရားစွဲမည်ဟုဆို





ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့များ စသည်တို့တွင် ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင်နေရာ ဦးထားခြင်းများကို ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ တရားစွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

ယင်းသို့ ဆိုင်းဘုတ်များချကာ ကားပါကင်နေရာ ဦးထားခြင်းကို အောက်တိုဘာလမှ စတင်၍ ဒီဇင်ဘာလကုန်အထိ ပညာပေးကာလ သုံးလသတ်မှတ်၍ လုပ်ဆောင်နေပြီး လက်ရှိတွင် ယာဉ်မရပ်ရဟူ၍ နေရာဦးထားသော ဆိုင်းဘုတ်များ၊ တုံးများကို လိုက်လံသိမ်းဆည်း နေကြောင်း သိရသည်။
“ကားတာရာတွေ၊ ပုံးတွေချပြီး ကားပါကင်နေရာ ဦးထားတယ်။ အဲဒါတွေကို အခုသိမ်းနေတယ်။ အခုတော့ ပညာပေးကာလပေါ့။ ၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစပြီး အဲလိုကားပါကင်နေရာ ဦးထားတာတွေကို တရားစွဲတော့မှာ ဖြစ်တယ်။ တရားရုံးကို တင်ပို့ပြီး တရားရုံးက ဒဏ်ရိုက်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ကားပါကင် နေရာဦးထားသော ဆိုင်းဘုတ်များ၊ တုံးများကို နေ့စဉ်ပုံမှန် စစ်ဆေးနေပြီး အဓိကအားဖြင့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် စသော မြို့နယ်များကို အရေးကြီး နေရာများအဖြစ် သတ်မှတ်ကာ လိုက်လံစစ်ဆေး နေသည်ဟု သိရသည်။
“ကားပါကင် နေရာဦးထား တာတွေကို လိုက်စစ်တော့ လမ်းမကြီးတွေပေါ်က ဘဏ်တွေရှေ့မှာ နေရာဦးထားတာတွေကို တွေ့ရတယ်။ လမ်းကြားထဲတွေမှာတော့ သိပ်မဦးရဲကြတော့ဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်မြို့တွင် ယခင်က မြေညီထပ်များ၊ ဆိုင်များမှ တစ်ဦးပိုင် ပုဂ္ဂလိက ကားပါကင် လျှောက်ထားမှုများကို သတ်မှတ်နှုန်းထား ပေးဆောင်စေပြီး ခွင့်ပြုခဲ့ရာမှ ကားတင်သွင်းမှု မူဝါဒများပြောင်းလဲပြီး ကားအများအပြား ၀င်ရောက်လာချိန်တွင် ဖြစ်ပေါ်လာသည့် ကားပါကင် အခက်အခဲများကြောင့် ယင်းသို့ ပုဂ္ဂလိက ကားပါကင် ချပေးသည့် စနစ်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထိုသို့ရပ်ဆိုင်း ခဲ့ခြင်းကြောင့် စည်ပင်သာယာပိုင် လမ်းများပေါ်တွင် မည်သူမဆို ကားဝင် ရပ်နားခွင့်ရှိပြီး မြေညီထပ်အိမ်ရှေ့၊ ဆိုင်ရှေ့များတွင် ကားပါကင်နေရာ ဦးခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
သို့သော် နေရာဦးထားမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး လက်ရှိရန်ကုန်မြို့၏ ကားပါကင် အခက်အခဲကြောင့် ယခုကဲ့သို့ တရားစွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ကားတင်သွင်းမှု မူဝါဒပြောင်းပြီး နောက်ပိုင်း ဒီပြဿနာ ဖြစ်လာတာ။ ဒါကြောင့် အရင်ပုဂ္ဂလိက ကားပါကင် ပေးခဲ့တာ။ အဲဒီမှာမြေညီထပ်က အပေါ်ထပ်က ကားတွေကို ပေးမရပ်၊ အဲဒါနဲ့ ပြဿနာတွေဖြစ်လို့ ရပ်ဆိုင်းခဲ့ရတာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၂၁၄၆၄၉ စီးရှိခဲ့ရာမှ ယခု ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ယာဉ်အစီးရေ ၅၀၀၃၈၂ စီးအထိ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး ယင်း၏နောက်ဆက်တွဲအဖြစ် ကားပါကင် ပြဿနာများကို ဆိုးရွားစွာ ခံစားနေရပြီး အဆင့်မြင့် ကားပါကင်များ လုပ်ဆောင်ခဲ့သော်လည်း ယာဉ်ရပ်နားမှု နည်းပါးသည့် နေရာများ၌ ဖြစ်နေခြင်းကြောင့် ထိရောက်မှု မရှိခဲ့ပေ။
ယင်းသို့ ကားပါကင် နေရာလုသည့် ကိစ္စဖြင့် ဒီဇင်ဘာ ၁၆ ရက်ည ၇ နာရီခွဲခန့်က လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသဖြင့် လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment