11.12.15

တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာပေးရသော ၉၂ ဧကကျော်ရှိ တောင်ငူမြို့သမိုင်းဝင် ကန်တော်ကြီးအား CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင်ကေတု ဟိုတယ်က နှစ် ၇၀ ငှားရမ်းခွင့်ရရန် လျှောက်ထားကြောင်း သိရ


အကျယ်အ၀န်းအားဖြင့် ၉၂ ဧကကျော်ရှိပြီး၊ တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာ ပေးရသည့် သက်တမ်း ၅၀၀ ကျော်ရှိ၊ တောင်ငူမြို့ လေးကျွန်း ကန်တော်ကြီးဥယျာဉ်အား စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင် ကေတု ဟိုတယ်မှနှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့်ရရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တောင်ငူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

“ဒီဘက်အစိုးရလိုင်းဘက်က သူတို့တင်တယ်။ အစိုးရဘက်က ခွင့်ပြုလို့ရှိရင်တော့ သူတို့ စာချုပ်ချုပ်မှာပေါ့၊ အဲဒီအနေအထားလေးပဲ ရှိသေးတယ်။ ကိုယ်တို့ကိုတော့ မလုပ်ခိုင်းတော့ဘူး၊ အရင်တုန်းက ငှားတာတော့ ၂၀၁၁ တုန်းကလားမသိဘူး၊ အဲဒီတုန်းကတော့ ကိုယ်လည်း မရောက်သေးဘူးလေ။ တစ်နှစ်ကို ကျပ်သိန်း ၃၀ ပေါ့။ သုံးနှစ်တစ်ကြိမ်ကို ၆ ရာခိုင်နှုန်း အဲလိုတိုးတယ်။ အဲဒီတုန်းကတော့ ၃၀း၅း၅ ဆိုတော့နှစ်ပေါင်း ၄၀ ငှားတာပေါ့၊ အခုဟာကတော့ အစိုးရအဖွဲ့ကနေပြီး နှစ် ၇၀ ၅၀း၁၀း၁၀ ပေးမယ်ဆိုပြီးတော့ လုပ်နေတာ။ ကျတော့မလာသေးဘူး။ သူတို့က Propose လုပ်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်၊ အုပ်ချုပ်ရေး လိုင်းကနေပြီးတော့ အစိုးရကို တင်တာပေါ့။ ကျလာလို့ရှိရင်လည်း ပြောပေးမယ်လေ”ဟု တောင်ငူမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။
လေးကျွန်း ကန်တော်ကြီးဥယျာဉ်အား၊ တောင်ငူမြို့ တော်ဝင်ကေတု ဟိုတယ်မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှစတင်၍ နှစ်ပေါင်း ၃၀ အား သက်တမ်းတိုး ၅ နှစ်၊ နှစ်ကြိမ်ဖြင့် နှစ်ပေါင်း ၄၀ ငှားရမ်း လုပ်ကိုင်ခဲ့သည် မြို့နယ် စည်ပင်သာယာရေး တာဝန်ရှိသူများနှင့် သဘောတူ စာချုပ်အရ တစ်နှစ်လျှင် ကျပ်သိန်း (၃၀) ညအခွန် ပေးဆောင်ရကြောင်း၊ ငှားရမ်းကာလ ၃ နှစ်ပြည့်ပါက တစ်ကြိမ် ၆ ရာခိုင်နှုန်း တိုးကာ အခွန်ပေးသွင်းရကြောင်း၊ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးမြှင့်ကာ အခွန်ပေးဆောင်ရသဖြင့် ကျပ် ၃၁၈၀၀၀၀ တိတိအား တော်ဝင်ကေတုဟိုတယ်မှ တစ်နှစ်စာ ငှားရမ်းကြေး တိုးမြှင့် ပေးသွင်းထားကြောင်း၊ သမိုင်းဝင်လေးကျွန်း ကန်တော်ကြီး ဥယျာဉ်ငှားရမ်းသည့် သဘောတူ စာချုပ်ပါ စာရင်းဇယားမှတ်တမ်းများ အရ သိရသည်။
“အမှန်ကတော့ နှစ် ၇၀ ဖြစ်သွားတာပေါ့ ဗျာ။ နှစ် ၅၀ စာချုပ်ချုပ်မယ်၊ နောက်ထပ် တစ်ဆယ် တစ်ဆယ် ထပ်တိုးမယ် အားလုံးပေါင်းလိုက်ရင်တော့ နှစ် ၇၀ ဖြစ်သွားပြီ၊ အဲဒီသဘော ဖြစ်သွားတာပေါ့၊ အခုဆိုရင် ကျွန်တော့်အသက်က ၄၀ ဗျာ၊ နောက်ထပ် နှစ် ၇၀ ဆိုရင်ကျွန်တော်တို့လည်း မရှိတော့ဘူး၊ နှစ် ၇၀ ဆိုတဲ့ အတိုင်းအတာ ဆိုတော့ နည်းနည်းများတယ်”ဟု တောင်ငူမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
“တောင်ငူတစ်မြို့လုံး မသိလိုက်ဘဲနဲ့ တစ်လကို နှစ်သိန်းခွဲလောက်နဲ့ငှားလိုက်တယ်၊ တစ်မြို့လုံးရဲ့ အပန်းဖြေစရာဆိုလို့ ဒီကန်တော်ကြီးပဲ ရှိတယ်၊ အခုကျတော့ ကန်တော်ကြီးကို ခြံစည်းရိုးခတ်ထားတယ်၊ အရင်ကထက် သန့်ရှင်းလှပလာတာကို လက်ခံပါတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ကန်တော်ကြီး ထဲမှာ လမ်းလျှောက်တဲ့ သူတွေအတွက် ၀င်ပေါက် တစ်ပေါက်လောက် ဖွင့်ပေးတာပဲရှိတယ်။ ကျန်တဲ့အပေါက်တွေ အားလုံးကို သော့ခတ်ပြီး ပိတ်ထားတော့ မြို့ပေါ်က လူတွေ အပန်းဖြေ ၀င်ထွက်လို့ မရတော့တဲ့ နေရာ ဖြစ်သွားတယ်၊ ကန်တော်ကြီးကို ငှားလိုက်တာ သူပိုင်တာလိုလို၊ အများပိုင်တာ လိုလိုနဲ့ နောက်ကျရင် တစ်ဦးတည်းပိုင်တဲ့ ပုံစံမျိုး ဖြစ်သွားမှာကိုလည်း စိုးရိမ်ပါတယ် အခုလည်း နှစ် ၇၀ ငှားဖို့ လုပ်နေတယ်လို့ ကြားတယ်၊ အဲဒီလောက် နှစ်တွေကြာအောင် စာချုပ်ငှားရမ်းဖို့ မလိုအပ်ဘူးလို့လည်း ထင်မိပါတယ်”ဟု တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေး အသင်းမှ ကိုမောင်ခိုင်က ပြောကြားသည်။
သက်တမ်း ၅၀၅ နှစ်ရှိသည့် တောင်ငူမြို့ လေးကျွန်း ကန်တော်ကြီး ဥယျာဉ်သည် ရေပြင်အကျယ်ဧရိယာ ၈၂ ဒသမ ၂၅ ဧကနှင့် ကျွန်းလေးကျွန်း အကျယ်ဧရိယာ ၁၀ ဧက စုစုပေါင်း ၉၂ ဒသမ ၂၅ ဧက အကျယ်အ၀န်း ရှိကြောင်း သိရသည်။
Credit To . >>>> Eleven Media Group

0 comments:

Post a Comment