17.2.16

ပလောင်ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များကို အမြန်ဆုံးကူညီရန် အရေးကြီးအဆို တင်


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်မဲမြို့နယ်တွင်ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များအတွက်
အမြန်ဆုံးကူညီဆောင်ရွက်ရန် အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ယခုကျင်းပဆဲလွှတ်တော်သစ်၏ ပထမဆုံးအကြိမ်အဖြစ် အရေးကြီးအဆိုတင်သွင်းလိုက်သည်။

ယင်းအဆိုကို ကျောက်မဲ မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်က ယနေ့(ဒုတိယအကြိမ်) ပြည်သူလွှတ်တော်၏ (ငါးရက်မြောက်နေ့)
ပြုလုပ်သော အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူ မရှိသောကြောင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။

“တိုက်ပွဲများကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ဒုက္ခများစွာကြုံတွေ့နေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်
ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းပါတယ်”ဟု ဦးစိုင်းထွန်းအောင်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ် နမ့်ခမ်းမြို့နယ်ဒေသအတွင်းတို့၌ ဖေဖော်ဝါရီ ၁ရက်နေ့မှ၍ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေါ့ဆန်ကျေးရွာအုပ်စု၊
ညောင်မောင်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာအုပ်စုများမှ ဒေသခံများ
ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းဒေသရှိ
ဒေါ့ဆန်းကျေးရွာမှ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများ အပါအဝင်ပြည်သူ (၃ဝဝ)ခန့်သည် ဖော်ဖော်ဝါရီ ၉ ရက် ည ၁ဝနာရီခန့်တွင်
ပန်ဆန်းကျေးရွာသို့ တိမ်းရှောင်ခဲ့ရပြီး မင်းကုန်းကျေးရွားဘက်မှ
ပြည်သူများသည်လည်း မိုးမိတ်၊ မိုင်းလုံမြိုသို့လည်းကောင်း၊ ဒေါ့ဆန်းကျေးရွာ၊
ညောင်မောင်းကျေးရွာမှ ပြည်သူများသည်လည်း မိုင်းမောမြို့၊
ကျောက်မဲမြို့သို့ လည်းကောင်း တိမ်းရှောင်ခဲ့ရကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၆ရက်က လက်နက်ကိုင်တပ်ဖွဲ့တစ်စုသည် မင်းကုန်းကျေးရွာအုပ်စုမှ သံဃာနှစ်ပါးနှင့် လူ ၇ဦးကို ဖေဖော်ဝါရီ ၆ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၆ ဦးကို သတ်ဖြတ်ခဲ့သည်ကို ကလောဝိုင်းကျေးရွာသားများက သွားရောက်မြှုပ်နှံပေးခဲ့ရကြောင်း ၄င်းကပြောသည်။

ပင်လှကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဦးသုစိတ္တကိုလည်း ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး ဒေါ့ဆန်ကျေးရွားအတွင်းရှိ လူနေအိမ်သုံးလုံး မီးရှို့ဖျက်ဆီးခံထားရကြောင်း ၄င်းက ထပ်လောင်းပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် တပ်ဖွဲ့အမည်များကို ၄င်းအနေဖြင့် လွှတ်တော်တွင်တင်ပြ ပြောဆိုလိုခြင်း မရှိကြောင်း ၄င်းကမီဒီယာများကိုပြောသည်။

အထက်ပါအရေးကြီးအဆိုကို နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နမ်းခမ်းအေးက
ထောက်ခံဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ရက်တွင် ဆွေးနွေးဆုံးဖြတ်မည်
ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။

Credit To >>> The Voice

0 comments:

Post a Comment