19.6.16

ယခင်အစိုးရလက်ထက် အတည်ပြုပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းခုနစ်ခုအား ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည်


ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခုအား လက်ရှိအစိုးရ လက်ထက်တွင် ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀" အရ ရန်ကုန်မြို့ကို တိုးချဲ့ရန် မြို့သစ်စီမံကိန်းခုနစ်ခု လျာထားခြင်းဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန် မြို့သစ်) ၂၁၇၁၆ ဧက၊ သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကတို့ဖြစ်ကြောင်း သိရသည်။

"မြို့သစ်စီမံကိန်းက ဖျက်လို့မရဘူး။ ပြီးခဲ့တဲ့ လွှတ်တော်က အတည်ပြုပြီးသားဖြစ်လို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမယ်။ ဘယ်ဟာ အရင်စလုပ်မလဲ မသိသေးဘူး။ လှည်းကူးက ဖြစ်နိုင်ခြေ များတယ်ဆိုတာ ပြောလို့မရတာ။ လုပ်မယ့်နေရာတွေကတော့ သတ်မှတ်ထားပြီးပြီ။ ဒီဇိုင်းက ပြောင်းသွားနိုင်တယ်။ အဲဒီခုနစ်ခုကတော့ ဖျက်လို့မရဘူး။ အတည်ပြုထားတာ ဖြစ်တဲ့အတွက် ဒါတွေအားလုံးကိုတော့ မရွှေ့ဘူး သေချာတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့လုပ်မလဲ။ ဒီဇိုင်းပြောင်းမှာပေါ့။ ဘယ်ကနေစပြီး အကောင်အထည်ဖော်မလဲ ဆိုတာလဲ မသိရဘူး။ စည်ပင်သာယာပိုင်မြေတွေ ဖြစ်သွားရင် အကောင်အထည်ဖော်ရတာ လွယ်တယ်။ မြေသိမ်းမိန့်တွေ ထုတ်ပြီးသွားတော့မှ အကောင်အထည် ဖော်ရမယ်ဆိုရင် ခက်ခဲတယ်။ ဒါကြောင့် လွယ်တဲ့နေရာကနေစပြီး အကောင်အထည် ဖော်မယ်လို့ ကျွန်မထင်တယ်။ လှည်းကူးကနေစပြီး အကောင်အထည် ဖော်ရတာလွယ်တယ်။ စည်ပင်ပိုင် မြေတွေဖြစ်နေလို့။ မြေကြီးအားလုံးသည် စည်ပင်ပိုင်မြေဖြစ်မယ်။ မြေသိမ်းမိန့် ထုတ်စရာ မလိုတဲ့ နေရာတွေသည် အကောင်အထည် ဖော်ရာမှာ အလွယ်ကူဆုံးပဲ ဖြစ်တယ်" ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

သို့သော် အဆိုပါ "မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀" စီမံကိန်းသည် ယခင်အစိုးရ ကိုယ်စားပြု ရေးဆွဲထားသည့် စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းအား ယခုလွှတ်တော်သစ်၊ အစိုးရသစ်အား လာရောက်ရှင်းလင်း တင်ပြမှု မရှိသဖြင့် စီမံကိန်းများကို မသိရှိကြောင်း ဒေါ်စန္ဒာမင်းက ဆက်လက် ပြောကြားသည်။

"အရင်က မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၄၀ စီမံကိန်းက Developer နဲ့ JICA ဆွဲထားတဲ့ စီမံကိန်းပါ။ ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်လည်းပါတယ်။ အဲဒီလို ထင်ပါတယ်။ အဲဒီမှာ ရန်ကုန်မြို့တော်စည်ပင်က နဂိုအစိုးရကို ကိုယ်စားပြုတာပေါ့။ ဒါပေမဲ့ အဲဒီဟာကိုပဲ လွှတ်တော်အသစ်၊ အစိုးရအသစ်ကို လာပြီးရှင်းပြထားတာ မရှိသေးဘူး။ ဒါကြောင့် နဂိုဆွဲထားတဲ့ Plan တွေကိုတောင် ကျွန်မတို့ မသိသေးဘူး။ ဒီမြို့သစ်ခုနစ်ခုလုပ်မယ့် အစီအစဉ်ကို အသေးစိတ် တစ်ခုချင်းစီ လာပြီးရှင်းပြထားတာ မရှိသေးဘူး။ ရန်ကုန်မြို့တော် စည်ပင်ကလည်း လာပြီးရှင်းပြထားတာ မရှိသေးဘူး။ သေချာတာကတော့ ရန်ကုန်မြို့တော် စည်ပင်က ဦးဆောင်ပြီး ပညာရှင်တွေကနေ မြို့သစ်စီမံကိန်းကို ရေးဆွဲစေချင်တယ်။ အစိုးရက ဦးဆောင်ပြီး ရေးဆွဲတဲ့ စီမံကိန်းကိုပဲ ကျွန်မတို့ လွှတ်တော်ကို တင်လာတာကို လိုချင်တယ်။ ရန်ကုန်မြို့သစ် စီမံကိန်းက ဘာမှ ရေရေရာရာ မရှိသေးဘူး။ နဂိုတုန်းက Developer တွေ ရေးဆွဲထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေကိုတော့ သဘောတူဖို့ ကျွန်မတို့ လွှတ်တော်က ဆန္ဒမရှိဘူး။ Developer ဒီဇိုင်းဆွဲတာကို ဘာကြောင့် သဘောမတူတာလဲဆိုတော့ သူ့ကို ဒီဇိုင်းဆွဲခိုင်းလိုက်ရင် သူလိုချင်တဲ့ဒီဇိုင်း၊ သူ့အတွက် အကျိုးအမြတ်ရှိမယ့် ဒီဇိုင်းတွေကို ဦးစားပေးပြီး ဆွဲသွားနိုင်တယ်။ ဒါကို ကျွန်မတို့ သဘောတူချင်မှ တူလို့ရမယ်" ဟု ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့ကို တိုးချဲ့မည့် မြို့သစ်စီမံကိန်း ခုနစ်ခုအနက် နံပါတ်နှစ် ဦးစားပေးဖြစ်သည့် ရန်ကုန်အနောက်တောင်မြို့သစ် (ရန်ကုန်မြို့သစ်စီမံကိန်း) ကို ယခင်အစိုးရ သက်တမ်းကုန်ခါနီးဖြစ်သည့် ယခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ရာ ယင်းစီမံကိန်းမှာ လက်ရှိအစိုးရနှင့် လွှတ်တော်သို့ ပြန်လည်တင်ပြရမည် ဖြစ်သောကြောင့် စီမံကိန်း စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်ခွင့်ရတဲ့ Developer သုံးဦးရဲ့ နောက်ကြောင်းရာဇ၀င်တွေ၊ အခုလုပ်ကိုင် ဆောင်ရွက်နေတဲ့ဟာကို လွှတ်တော်ကနေ အစိုးရဘက် အခြမ်းကို မေးခွန်းမေးထားတာရှိတယ်။ ဒါကို အစိုးရက လာမဖြေသေးဘူး။ ဒီ Developer သုံးဦးရဲ့ နောက်ကြောင်း ရာဇ၀င်ကို သိချင်တယ်။ နောက်တစ်ခုက သူတို့ရဲ့ သွားနေတဲ့ စီမံကိန်းတွေကိုရော ဆက်ပြီးတော့ သဘောတူမှာလားဆိုပြီး မေးထားတယ်" ဟု ဒေါ်စန္ဒာမင်းက ဆက်လက် ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment