12.7.16

ငွေလဲကောင်တာများ၏ အရောင်းအဝယ် စာရင်းပေးပို့မှု အောက်တိုဘာတွင် အွန်လိုင်းစနစ် သုံးမည်

ငွေလဲကောင်တာ (Money Changer) များ၏ နိုင်ငံခြားငွေ ဝယ်ယူရောင်းချမှု အပတ်စဉ် စာရင်းများကို Fax ဖြင့် ပေးပို့နေရာမှ အောက်တိုဘာလမှစ၍ အွန်လိုင်းစနစ်ဖြင့် ပေးပို့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

လက်ရှိအချိန်တွင် ငွေလဲကောင်တာ ကုမ္ပဏီများ ပိုမို များပြားလာသည်နှင့်အမျှ Fax ပေးပို့ရာတွင်လည်း ပေးပို့ခြင်းနှင့် လက်ခံခြင်းဆိုင်ရာ အခက်အခဲများကြောင့် လုပ်ငန်းဆိုင်ရာ ကြန့်ကြာမှု ရှိကြောင်း၊ ငွေလဲကောင်တာများ အနေနှင့် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ပုံစံတူ ဆော့ဖ်ဝဲလ် နည်းပညာ သုံး၍ ပေးပို့နိုင်ပါက အချိန်နှောင့်နှေး ကြန့်ကြာမှုကို ဖြေရှင်းနိုင်ကြောင်း ၎င်းကပြောဆိုသည်။

“အွန်လိုင်းစနစ်နဲ့ဆိုရင် နေ့စဉ်ရောင်း စာရင်း၊ လချုပ်၊ နှစ်ချုပ်တွေလည်း ပို့နိုင်တယ်”ဟု ၎င်းကဆိုသည်။

မြန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေလဲကောင်တာ လိုင်စင်ချပေးထားသည့် ကုမ္ပဏီပေါင်း ၃၄၆ ခုရှိပြီး အပတ်စဉ် ရောင်းဝယ်မှု စာရင်းများကို ပေးပို့မှု ပျက်ကွက်သည့် ကုမ္ပဏီပေါင်း ၄၂ ခုရှိကြောင်း၊ ငွေလဲကောင်တာ လိုင်စင်ချထားပေးမှုမှာ ရန်ကုန်တွင် အများဆုံးဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၈၆ ခုရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ဗဟိုဘဏ်က ငွေလဲကောင်တာခွဲပေါင်း ၈ဝဝ ကျော်ထံမှ ဖက်စ်နှင့် ပေးပို့သော စာရင်းများကို ပြန်လည်စိစစ်ပြီး ကွန်ပျူတာထဲသို့ ထည့်သွင်းရာ၌ ဝန်ထမ်းအင်အား မလုံလောက်မှုနှင့် အချိန်ကြာခြင်းတို့ကြောင့် အွန်လိုင်းစနစ်သို့ ပြောင်းရခြင်းဖြစ်ကြောင်း၊ အွန်လိုင်းစနစ် စတင်နိုင်ရန် ဗဟိုဘဏ်က ဈေးနှုန်း သက်သာသည့် ဆော့ဖ်ဝဲလ် ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးကြောင်း ငွေလဲကောင်တာ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အွန်လိုင်းစနစ် သုံးလျှင် စာရင်းပေးပို့ရန် ပျက်ကွက်မှုကို မှတ်တမ်းတင် ထားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူ သွားမည်ဖြစ်ကြောင်း၊ လတ်တလော စာရင်းပေးမှုပျက်ကွက်သူများကို စာရင်းပေးပို့ရန် တာဝန်ရှိသည်ဟု အသိပေးစာ ထုတ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment