29.7.16

ဒေါ်အောင်ဆန်းစုကြည်နှင့် ‘၀’၊ မိုင်းလားအဖွဲ့ ခေါင်းဆောင်များ ယနေ့တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနက် အင်အားအကြီး ဆုံးအဖွဲ့ဖြစ်သည့် ‘၀’၊ ၎င်း၏ မဟာမိတ် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့၏ခေါင်းဆောင်များသည် ယနေ့နံနက်တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

‘၀’ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ ပေါက်ယူယိ ဦးဆောင်ပြီး မိုင်း လား-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ကို ဥက္ကဋ္ဌ ဦးစိုင်းလင်း ခေါင်းဆောင်လာသည်။
‘‘မနက် ၁၀ နာရီမှာ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ ဆုံပြီးရင် နေ့လယ် ၂ နာရီမှာ တပ် ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နဲ့ တွေ့ပါမယ်။ ညနေပိုင်းမှာ ဒေါက်တာ တင်မျိုးဝင်းတို့ နဲ့ တွေ့ဖို့ရှိပါတယ်’’ဟု နေပြည် တော်သို့ ရောက်ရှိလာသည့် မိုင်း လားအဖွဲ့ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောကြားသည်။
ဆွေးနွေးမည့်အကြောင်းအ ရာနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားနိုင်ခြင်းမရှိသေးဟု ဆို သည်။
‘၀’အဖွဲ့တွင် အဖွဲ့ဝင် ၄၀ ကျော်၊ မိုင်းလားအဖွဲ့တွင် ၈၇ ဦးလိုက်ပါလာပြီး နှစ်ဖွဲ့ပေါင်း အဖွဲ့ ၀င် ၁၀၀ ကျော် နေပြည်တော် သို့ ရောက်ရှိနေသည်။ ၎င်းတို့သည်ဇူလိုင် ၃၀ ရက်တွင် သမ္မတဟောင်းဦးသိန်းစိန်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
သြဂုတ်မကုန်မီ ၂၁ ရာစုပင်လုံညီလာခံ စတင်ကျင်းပနိုင်ရန် ကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်တစ်လတည်းအတွင်းမှာပင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ရှစ် ဖွဲ့မှ ခေါင်းဆောင်များ၊ NCA မရေးထိုးသေးသည့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအ တွင်း ‘၀’နှင့် မိုင်းလားခေါင်းဆောင်များအား ဆက်တိုက်တွေ့ဆုံ ခြင်း ဖြစ်သည်။
ယခုတွေ့ဆုံမှုသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြု လုပ်ချိန်နှင့် တိုက်ဆိုင်နေသည်။
‘၀’နှင့် မိုင်းလားတို့သည် မိုင် ဂျာယန်ညီလာခံ၌ ပါဝင်တက် ရောက်ခြင်းမရှိပေ။ ၎င်းတို့သည် NCA မရေးထိုးထားသော အဖွဲ့များဖြစ်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုဖြစ်သော UNFC အဖွဲ့ဝင်လည်း မဟုတ်ပေ။
သို့သော် ပြီးခဲ့သည့် အစိုးရလက်ထက်အတွင်း ‘၀’ဌာနချုပ် ပန်ဆန်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံ၊ NCA မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များထိပ်သီးညီလာခံ၊ သံလွင်အရှေ့ခြမ်း အရှေ့မြောက် ဒေသအခြေစိုက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအစည်းအဝေးစသည်တို့ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။
ပြီးခဲ့သည့် ဇွန်လလယ်တွင် အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာ ၀န်ခံ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ‘၀’၊ မိုင်းလားကိုယ်စားလှယ်များ မိုင်း လား၌ တွေ့ဆုံခဲ့သည်။
ကျိုင်းတုံမှ ၅၆ မိုင်အကွာရှိ အထူးဒေသ (၄) မိုင်းလား၊ အထူး ဒေသ (၂) ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သည် အစဉ်လိုက်တစ် ဆက်တည်း  ထိစပ်တည်ရှိနေသည်။
‘ဝ’
UWSP/UWSA ကို မြန်မာ နိုင်ငံရှိ အကြီးဆုံးနှင့် အင်အားအ တောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့် ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေစာရင်း အရ ‘၀’စစ်တပ်အင်အား ၂၀,၀၀၀မှ ၂၅,၀၀၀ အကြားရှိသည်။ အခြား စစ်တမ်းများကမူ အင်အား ၃၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
သမ္မတ ဦးသိန်းစိန် လက် ထက်တွင် နှစ်ဖက်အပစ်အခတ် ရပ်စဲရေးလက်မှတ် ပထမဆုံးရေး ထိုးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အဖြစ် ၂၀၁၁ စက်တင် ဘာ ၆ ရက်တွင် ရေးထိုးခဲ့သည်။
မိုင်းလားအဖွဲ့သည် Myan-mar Peace Monitor အဖွဲ့၏ခန့်မှန်းခြေစာရင်းအရ တပ်ဖွဲ့ဝင်၄၅၀၀ ခန့်ရှိပြီး အစိုးရနှင့် အပစ်ရပ်စာချုပ်ကို ၂၀၁၁ စက်တင်ဘာ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်း လင်းသည် ကိုးကန့်လက်နက်ကိုင် အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်၏ သမက်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment