30.8.16

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း လူမှုစီးပွား အခြေအနေကို သုတေသနပြု လေ့လာမည်


ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာသန်း တစ်ရာဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် မြစ်ဝှမ်းဒေသရှိ သဘာဝ ဂေဟစနစ်နှင့် လူမှုစီးပွား အခြေအနေတို့ကို သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း Component 1 Director ဖြစ်သူ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်းက ပြောကြားသည်။
ဧရာဝတီမြစ်ဝှမ်း ဒေသရှိ ရေချို အသုံးချနိုင်မှု အခြေအနေ၊ သောင်ဖြစ်ထွန်းပြီး မြစ်ကြမ်းပြင် မြင့်တက်လာမှု၊ ကမ်းပါး ပြိုကျမှုနှင့် နှစ်စဉ် စီးဆင်းနေသည့် နုန်းအနည်အနှစ် ကျရောက်မှု အခြေအနေ ငါး သယံဇာတ တည်ရှိနေမှု အပါအဝင် သဘာဝ ဂေဟစနစ်နှင့် ဒေသခံများ၏ လူမှုစီးပွား အခြေအနေတို့ကို သုတေသနပြု လေ့လာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မြစ်ဝှမ်းဒေသရဲ့ အပေါင်း-အနုတ် လက္ခဏာ သက်ရောက်မှုတွေကို လေ့လာပြီးတော့ အချက်အလက် ဘဏ်ကြီး တစ်ခု လုပ်ရမယ်”ဟု ဒေါက်တာ ခင်နီနီသိန်းက ဆိုသည်။

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်သာလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံမှ ရေပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်း အစီရင်ခံစာကို ၂ဝ၁၇ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ နောက်ဆုံးထား တင်သွင်းမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စီမံကိန်းတွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သောင်တူးခြင်း၊ ရေစူး ကန့်သတ်ချက် လျှော့ချခြင်းနှင့် ည အချိန်တွင်ပါ သင်္ဘောများ ရေလမ်းသွား လာရလွယ်ကူ စေရန်အတွက် ညမီး အမှတ်အသားများ ထားရှိခြင်း အပါအဝင် မိုးလေဝသဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်း၊ နည်းပညာများ အဆင့်မြှင့်တင်ခြင်းနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝ အထောက်အကူပြုရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး အစ ရှိသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

ဧရာဝတီမြစ် အထက်ပိုင်းတွင် သစ်တော ပြုန်းတီးခြင်းနှင့် ရွှေတူးဖော်ခြင်းတို့ကြောင့် နုန်းပို့ချမှု များနေပြီး သောင်ဖြစ်ထွန်းမှု များကာ နှစ်စဉ်ရေလမ်း ပြောင်းလဲ၍ မြစ်ရေ တိုက်စားပြီး ကမ်းပါး ပြိုကျခြင်းနှင့် မိုးရေချိန် များလာပါက ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်နေသည့်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။ 

ယင်းသို့ မြစ်ကြောင်းတစ်လျှောက် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှု ရှိနေရာ အရေးကြီး ပြုပြင်ရန် လိုအပ်သည့် နေရာများကို သတ်မှတ်၍ စီမံကိန်းအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ဆိုသည်။
Credit To>>> The Voice Weekly

0 comments:

Post a Comment