1.12.16

ဖားကန့်ဒေသ၌ နယ်မြေတည်ငြိမ်မှု မရှိသည့် အနေအထားတွင် ကျောက်တူးဖော်ရေး ကုမ္ပဏီအချို့က အချိန်အခါမဟုတ် ညအချိန် မိုင်းခွဲ ကျောက်တူးဖော်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေ

ဖားကန့်ဒေသ၌ နယ်မြေတည်ငြိမ်မှု မရှိသည့် အနေအထားတွင် ကျောက်တူးဖော်ရေးကုမ္ပဏီ လုပ်ငန်းအချို့မှ အချိန်အခါမဟုတ် ညအချိန် မိုင်းခွဲကျောက်တူးဖော်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေကြောင်း သိရသည်။

ကျောက်မျက်ကုမ္ပဏီများ အနေဖြင့်နေ့အချိန်တွင်သာ မိုင်းခွဲ၍ ကျောက်တူးဖော်ရန် သက်ဆိုင်ရာမှ ညွှန်ကြားထားပြီး ဖြစ်သော်လည်း အချို့ကုမ္ပဏီများမှာ လိုက်နာခြင်းမရှိဘဲ နေ့ဘက်တွင်သာမက ညသန်းခေါင်ယံအချိန်များတွင်ပါ မိုင်းခွဲ တူးဖော်ကြသည့်အတွက် ကျယ်လောင်စွာ မြည်ဟည်းတုန်ခါပြီး ထိတ်လန့်ဖွယ် ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။


“ညဆိုရင် တဂျိမ်းဂျိမ်းနဲ့ အတွဲလိုက်ခွဲတယ်။ အချိန်အကန့်အသတ် မရှိဘူး။ ည ၁၀ နာရီ၊ ၁၁ နာရီလည်း ခွဲတယ်။ မိုးလင်းခါနီးလည်း ခွဲတယ်။ ကျွန်တော်တို့ ကြားရတဲ့အသံက ငိုးပင်းဘက်က ကုမ္ပဏီတွေကနေ ခွဲတာပါ။ အဲဒီကခွဲရင် ဘေးနားက ရွာလေး၊ ငါးရွာလောက်ကို တုန်သွားတာ။ အထူးသဖြင့် ဆန်ခါ၊ မဇွပ်ယန်၊ ဆိုင်းရာရွာသစ်၊ မှော်ပုံ၊ ကုဋေ စတဲ့ရွာတွေပေါ့။ အထဲကို မြှုပ်ပြီးခွဲတော့ ဘေးကိုတော့ မစင်ဘူး။ ဒါပေမဲ့ တုန်ခါသွားတာပေါ့။ ဒီလိုမိုင်းခွဲတာကို ညမှာ မလုပ်သင့်ဘူး။ သက်ဆိုင်ရာအနေနဲ့ မိုင်းခွဲချိန်ကို သတ်မှတ်ပေးသင့်တယ်”ဟု လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ ဦးတင်လှိုင်က ပြောကြားသည်။

ကျောက်တူးဖော်ရေး လုပ်ငန်းများအတွက် မိုင်းခွဲရန် အချိန်အား ယမန်နှစ်ကပင် သက်ဆိုင်ရာမှ သတ်မှတ်ထားခဲ့ပြီး နံနက် ၆ နာရီမှ ၇ နာရီအတွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် စုစုပေါင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် နေ့အချိန်တွင်သာ ကျောက်မိုင်းခွဲရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ကုမ္ပဏီတွေက ညတွေမှာ ခွဲနေတယ်။ ပြီးခဲ့တဲ့ ညကဆိုရင် တစ်ရွာလုံး သိမ့်ခနဲ တုန်သွားတယ်။ ယမ်းတွေအများကြီး ထည့်ခွဲလို့ ဖြစ်မယ်။ ဒါနဲ့ ပတ်သက်ပြီး မိုင်းခွဲဖို့အတွက် ဂန်းဖောက်စက် ဖောက်ရင် ဘယ်နှပေဂန်းနဲ့ ဖောက်ရမယ်။ ယမ်းသုံးရင် ဘယ်လောက်သုံးရမယ်ဆိုပြီး သတ်မှတ်ချက် ရှိတယ်လို့ သိရတယ်။ ဒါတွေကို ပြည်သူလူထု မပြောနဲ့ အုပ်ချုပ်ရေးကတောင် မသိဘူး။ အသိမပေးတာ ဖြစ်မယ်။ ညအချိန်မှာလည်း ဒီလိုမခွဲသင့်ဘူး။ နယ်မြေ မတည်ငြိမ်တဲ့အချိန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ လက်နက်ကြီးကျတာလား ဘာလား မသိနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်တယ်။ အခုက ညတိုင်းလိုလို မိုင်းခွဲနေတယ်”ဟု ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာမှ ဦးထွေးမောင်က ပြောကြားသည်။

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ငန်းအများအပြားမှာ ဥပဒေများ၊ ညွှန်ကြားချက်များအား လိုက်နာမှု အားနည်းနေဆဲဖြစ်ပြီး ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုမှာ ယခင်ကကဲ့သို့ပင် ပွင့်လင်းမြင်သာမှု မရှိသေးကြောင်း၊ အစိုးရသစ်အနေဖြင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများအား ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဖားကန့်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားထားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment