24.4.13

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မေလဆန်း ရွှေ့


၂၄.၄.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မတ်လကုန်ပိုင်းတွင် ထပ်မံကျင်းပ ပြုလုပ်ရန် သဘောတူညီထားသည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ မေလဆန်း ရောက်မှသာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် များထံမှ သိရသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း ဧပြီလ ကုန်ပိုင်းတွင် တွေ့ဆုံရန် ရက်ရွှေ့ဆိုင်းကြောင်း နှစ်ဦးနှစ်ဖက်ပြောဆို ထားပြီး ယခုထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦး ကမူ "ဦးအောင်မင်းတို့ ခရီးထွက်နေလို့ ရက်ရွှေ့လိုက်တာဖြစ်နိုင်တယ်။ အတိ အကျတော့ နှစ်ဖက်စလုံး မပြော သေးပါဘူး" ဟု မှတ်ချက်ပေးသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တစ်ကြိမ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်သော နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကြေညာချက်များ ထုတ်ပြန်နိုင်ခဲ့သည်။

ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား မြို့ ၌ကျင်းပရန် စီစဉ်ထားသော တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကို လေ့လာသူ အဖြစ် ကေအိုင်အိုက ဖိတ်ကြားထားသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကန့်ကွက်သည့်အတွက် ရက်ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ် လူမှုရေးအဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆိုထားသည်။
 

0 comments:

Post a Comment