8.4.13

ပီရူးတွင် ပြင်သစ်ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်မှု လူ ၁၃ ဦးသေဆုံး


၈.၄.၂၀၁၃၊ တနင်္လာနေ့
 

ပီရူးနိုင်ငံတွင် ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာ လူ(၁၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ပီရူးနိုင်ငံသား (၁၃)ဦးစလုံး သေဆုံးကြောင်း ယခုရဟတ်ယာဉ်ကို ပိုင်ဆိုင်သည့် ပြင်သစ် ရေနံကုမ္ပဏီ Perenco က Reutersသို့ အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူများအနက် Perenco ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး၊ အခြားကုမ္ပဏီများမှ ကိုယ်စားလှယ်အဖြစ် စေလွှတ်သော ကန်ထရိုက်တာ (၃)ဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

Perencoက ပီရူးနိုင်ငံ မြောက်ပိုင်းရှိ တောတောင်ထူထပ်သော ဒေသတွင် ရဟတ်ယာဉ် မတော်တဆ ပျက်ကျမှု ဖြစ်ပွားကြောင်း ဝန်ခံခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ မတွေ့ရကြောင်း ပြောကြားခဲ့သည်။ ပီရူးအစိုးရ တာဝန်ရှိသူ တစ်ဦးကလည်း အသေအပျောက် အရေအတွက်ကို ကုမ္ပဏီက မကြေညာမီ (၁၃)ဦးဟု အတည်ပြုထားခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် အီကွေဒေါနှင့် နယ်နိမိတ်အနီး လိုရန်တိုတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ 

ထိုဒေသတွင် လူနေကျဲပါးပြီး တောထူထပ်လျှက် ရှိနေသည်။ ယင်းလေယာဉ်သည် တောအုပ်နှင့် နီးစပ်သည့် အီကွီတော့စ်မြို့မှ စတင်ပျံသန်းလာကာ ကုမ္ပဏီပိုင် ရေနံကျင်း Block 67သို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။ 

ရဟတ်ယာဉ်ပေါ်တွင် ခရီးသည် (၉)ဦးနှင့် ရဟတ်ယာဉ်ဝန်ထမ်း (၄)ဦး လိုက်ပါလာကြသည်။ပီရူးစစ်တပ်သည် အဆိုပါ ရှာဖွေကယ်ဆယ်ရေး ကဏ္ဍတွင် ပူးပေါင်းခဲ့ပြီး ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုကာ ပျက်ကျ
ရာနေရာ အနီးတဝိုက်ကို စုံစမ်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ 



Planet Myanmar Network

0 comments:

Post a Comment