20.7.13

ကျောင်းပြင်ပရောက် ကလေးငယ်များ ပညာသင်ကြားရေး အစီအစဉ် မြို့နယ်တိုးချဲ့

အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေဖြစ်သည့် အသက် ၁၀ နှစ်မှ ၁၇ နှစ်နှင့် အထက် ကလေးသူငယ်များအား မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း (BDA) နှင့် UNICEF တို့ပူးပေါင်း၍ ၂၀၁၃-၁၄ ပညာသင်နှစ်၌ မြို့နယ်များ တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


အဆိုပါ စီမံချက်ကို ၂၀၁၃-၁၄ ပညာသင်နှစ်၌ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သပိတ်ကျင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်တို့တွင် မြို့နယ်များ တိုးချဲ့ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ကျောင်းပြင်ပရောက် ကလေးသူငယ်များအား ဘ၀တွက်တာ ကျွမ်းကျင်စရာနှင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်တားဆီးရေး သင်ခန်းစာများအား ရပ်ရွာအခြေပြု သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

''ကျောင်းပြင်ပရောက် ကလေးငယ်တွေကို လူမှုပတ်ဝန်းကျင် နယ်ပယ်မှာ ၀င်ဆံ့အောင်၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ စာရေးစာဖတ် ကျွမ်းကျင်လာအောင် လက်တွေ့ဘ၀မှာ တွေ့ကြုံလာနိုင်တဲ့ အခက်အခဲ၊ ပြဿနာတွေကို မှန်မှန်ကန်ကန် စဉ်းစားပြီး ဆုံးဖြတ်ဖြေရှင်း တတ်လာစေဖို့ကို သင်ကြားပေးတာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးတင့်က ဆိုသည်။

အဆိုပါ စီမံချက်ကို UNICEF နှင့် ပူးပေါင်း၍ ၂၀၀၇-၀၈ ခုနှစ်မှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ -၀၉ ခုနှစ်၌ တောင်ကြီး၊ ကလော၊ ကျောက်မဲ၊ သီပေါ၊ ၂၀၀၉-၁၀ ခုနှစ်တွင် သိန္နီနှင့် ကွတ်ခိုင်မြို့တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးများ၏ ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို သိရှိနေထိုင် တတ်စေရန်၊ ပတ်ဝန်းကျင်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများအကြောင်း သိရှိပြီး ကြိုတင်ကာကွယ် နေထိုင်တတ်စေရန်၊ တစ်သက်စာအတွက် လိုအပ်သည့် အခြေခံ ကျွမ်းကျင်မှု အလေ့အကျင့်ကောင်းများ ရရှိပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ရန်၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်တားဆီးရေးနှင့် သက်ဆိုင်ဆီလျော်သည့် ကျန်းမာရေး သတင်းအချက်များ ရရှိစေပြီး လုံခြုံစိတ်ချရသော အနေအထိုင် အပြုအမူ ကောင်းများဖြင့် နေထိုင်တတ်ရန် ရည်ရွယ်ချက်များဖြင့် အဆိုပါ စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ကျောင်းပြင်ပရောက် ကလေးသူငယ် များအား သင်ကြားနေမှုမြင်ကွင်း

0 comments:

Post a Comment