8.7.13

အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်ချမှတ် ခံထားရသူ အဘူကာတာဒါကို ဗြိတိန်က ဂျော်ဒန်သို့ လွှဲပြောင်းပေး

ဂျော်ဒန်သို့ ပြန်လည်လွှဲပြောင်းပေးမည့် အဘူကာတာဒါကို ဇူလိုင် ၇ ရက်က လန်ဒန်မြို့ RAF Northolt လေတပ်စခန်းတွင် တွေ့ရစဉ် (Photo:AP)

အကြမ်းဖက် တိုက်ခိုက်မှုများဖြင့် မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ ဂျော်ဒန်နိုင်ငံမှ တရားဟောဆရာ အဘူကာတာဒါကို ၎င်းအပေါ် စွဲဆိုထားသည့် အမှုများအား တရားရုံးတွင် ရင်ဆိုင်ရန်အတွက် ဗြိတိန်အစိုးရက ၎င်း၏နေရပ်နိုင်ငံသို့ ဇူလိုင် ၇ ရက်က ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်း သိရသည်။ပါလက်စတိုင်း နိုင်ငံတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်သည့် အဘူကာတာဒါအား ၎င်းကိုဖမ်းဆီးထားသည့် လန်ဒန်မြို့ အရှေ့တောင်ပိုင်းရှိ လုံခြုံတင်းကျပ်သည့် ဘယ်မာ့ရှ် အကျဉ်းထောင်မှ ရဲကားဖြင့် ခေါ်ယူကာ လန်ဒန်မြို့ အနောက်ပိုင်း RAF Northolt လေတပ် စခန်းမှ လေယာဉ်ဖြင့် ဂျော်ဒန်နိုင်ငံ အရှေ့ပိုင်း အမ်မန်မြို့ရှိ မာကာ စစ်ဘက်လေဆိပ် တွင် ဂျော်ဒန် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံတကာ စံနှုန်းများနဲ့အညီ အဘူကာတာဒါ အနေနဲ့ သူ့ကိုတရား စွဲပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အပေါ်မှာ ခုခံချေပပိုင်ခွင့်၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ တရားရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်" ဟု ဂျော်ဒန်ပြန်ကြားရေးဝန်ကြီး မိုဟာမက်မိုမာနီက နိုင်ငံပိုင် Petra သတင်း ဌာ န သို့ ပြောကြား ခဲ့သည်။"အဘူကာတာဒါ အနေနဲ့ မကြာခင်မှာ နိုင်ငံတော် လုံခြုံရေး တရားရုံးကိုသွားပြီး သူ့အပေါ်စွဲဆိုခဲ့တဲ့ အမှုတွေကို နားထောင်ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ပြန်လည်ချေပသွားမှာ ဖြစ်ပါတယ်" ဟု ၎င်း၏အမှုအား ပြန်လည်စစ်ဆေးမှုကို စောင့်ကြည့်လေ့လာနေသည့် အမ်မန်မြို့ အခြေစိုက်၊ လူ့အခွင့်အရေးအဖွဲ့ အဒယ်လာဌာနမှ ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

အမ်မန်မြို့ရှိ အမေရိကန် စာသင်ကျောင်း တစ်ကျောင်းအား တိုက်ခိုက်မှု အပါအ၀င် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပူးပေါင်းကြံစည်မှုဖြင့် အဘူကာတာဒါကို ၎င်း၏မျက်ကွယ်တွင် ၁၉၉၉ ခုနှစ်၌ ဂျော်ဒန်တရားရုံး တစ်ရုံးက သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် မကြာမီပင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ချခဲ့သည်။ထို့နောက် ဂျော်ဒန်နိုင်ငံတွင် ကျင်းပသည့် ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ၌ ကမ္ဘာလှည့် ခရီးသည်များကို အကြမ်းဖက် တိုက်ခိုက်မှုတွင် ကြံစည်ဆောင်ရွက်မှုဖြင့် ၂၀၀၀ ပြည့်နှစ်တွင် မျက်ကွယ်ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခြင်း ခံခဲ့ရသည်။

စပိန်တရားသူကြီး တစ်ဦးက အဘူကာတာဒါသည် ဥရောပတိုက်အတွက် အိုစမာဘင်လာဒင်၏ ညာလက်ရုံး တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အဘူကာတာက မိမိသည် ဘင်လာဒါနှင့် တွေ့ဆုံဖူးခြင်းပင် မရှိကြောင်း ငြင်းဆိုခဲ့သည်။ဂျော်ဒန်နိုင်ငံ၏ ဥပဒေအရ အဘူကာတာဒါ အနေဖြင့် တရားရုံးသို့ လာရောက်ပြီး ချမှတ်ထားသည့် ပြစ်ဒဏ်များအပေါ် တရားပြန်လည် ရင်ဆိုင်ခွင့်ရှိကြောင်း သိရသည်။
Ref:AFP

0 comments:

Post a Comment