6.7.13

ကမ္ဘောဒီးယားကို ချေးငွေသန်း ၂၀၀ ပေးမည်ဟု တောင်ကိုရီးယား ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံတွင်း လမ်းများဖောက်လုပ်ရေးနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းများ အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ပေးမည်ဟု တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ချေးငွေပေးရေးနှင့် ပတ်သက်သည့် စာချုပ်ကို လာမည့်ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့် ကိုရီးယား သံအမတ်တို့ လက်မှတ်ရေးထိုး အတည်ပြု ကြမည်ဟု သတင်း တွင် ဖော်ပြထားသည်။ လေးနှစ်သက်တမ်းရှိသည့် ချေးငွေ ပေးအပ်ရေး စာချုပ်အရ နိုင်ငံတွင်း ရှိ အမျိုးသားလမ်းမသုံးခုနှင့် ပြည်နယ်ကိုးခုရှိ ကျေးလက်ဒေသလမ်းကို ပြုပြင်တည်ဆောက် သွားမည် ဖြစ်ပြီး ဘတ်တန်ဘန် ပြည်နယ်နှင့် ပါဆတ်ပြည်နယ်ကြား ဒေသတွင် ဘက်စုံသုံး ဆည်တစ်ခု တည်ဆောက် သွားမည် ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလို တွင် ယခုကဲ့သို့သော ချေးငွေ ပေးအပ်ရေး သဘောတူစာချုပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီမှ ဝန်ကြီးချုပ်ဟွန်ဆန်ပင် ဆက်လက် အနိုင် ရဦးမည်ဟု မျှော်လင့်ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနှင့် တောင် ကိုရီးယား နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ၂၀၁၂ ခုနစ်တွင် ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားပြီး ပထမ ၁၀ လအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၆ သန်း တန်ဖိုးအထိ ရှိကြောင်း အာဆီယံ - ကိုရီးယား စင်တာမှ ထုတ်ပြန်သွားသည်။

အဝတ်အထည်၊ သံမဏိ၊ သတ္တု လုပ်ငန်းသုံး ကုန်ကြမ်းများ၊ စိုက်ပျိုးရေးနှင့် သစ်တောထွက် ပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေပြီး အထည်ချုပ် လုပ်ငန်းသုံး ပစ္စည်းများ၊ မော်တော်ကားများ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် ဓာတုဗေဒ ပစ္စည်းများကို ပြန်လည် တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အမာခံမဟာမိတ် နိုင်ငံ တစ်ခုဖြစ်သော ကမ္ဘောဒီးယား နိုင်ငံတွင် လူဦးရေ ၁၅ ဒသမ ၁ သန်းရှိပြီး စုစုပေါင်း ပြည်တွင်း ထုတ်ကုန်မှာ ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံ အထိရှိကာ လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ ၂၂၁၆ ဒေါ်လာထိ ရှိကြောင်း Economic Freedom အဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment