6.7.13

စနိုးဒန်အတွက် နိုင်ငံသားဖြစ်ခွင့် အိုက်စလန်အဆိုပြု

အမေရိကန်အစိုးရ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သော ကွန်ပျူတာပညာရှင် ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုးဒန်ကို နိုင်ငံသားဖြစ်ခွင့်ပြုရန် အိုက်စလန်နိုင်ငံမှ ဥပဒေပြုလွှတ်တော်အမတ်များ က အဆိုပြုချက်တစ်ရပ် တင်သွင်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြ သည်။

အိုက်စလန် လက်ဝဲပါတီတစ်ခုဖြစ်သော ဂရင်းပါတီမှ ဥပဒေပြုအမတ် အိုဂမာဂျွန်အန်ဆန် ဆို သူက လွှတ်တော်၏ တရားစီရင်ရေး ကော်မတီသို့ စနိုးဒန်အား နိုင်ငံသားအဖြစ် ခွင့်ပြုမည့် ကိစ္စကို ဇူလိုင်လ ၄ ရက်နေ့က တင်သွင်းလိုက်သည်ဟု အိုက်စလန် လွှတ်တော်အမတ်များက ဆိုသည်။ သို့သော် လက်ရှိအနေအထားတွင် စနိုးဒန်အား အိုက်စလန်နိုင်ငံသား ဖြစ်ခွင့်ပေးမည့် ၎င်း၏အဆိုပြုချက်ကို ထောက်ခံမှု အနည်းငယ်သာ ရရှိသေးသည်။

ယခုအခါရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိလေဆိပ်တွင် ခေတ္တခိုလှုံနေရသည်ဟုယူဆရသည့် စနိုးဒန်က ၎င်းအနေနှင့် ၎င်း၏တန်ဖိုးများကို နားလည်သဘောပေါက်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့သော နိုင်ငံမှာ အိုက်စလန်ပင် ဖြစ်ကြောင်း The Guardian သတင်းစာသို့ ပြောကြားထားသည်။ လက်ရှိအခြေအနေတွင် မည်သည့်နေရာ၌ စနိုးဒန် ပုန်းခိုနေပြီး မည်သည့်နိုင်ငံသို့ မည်သည့် လေကြောင်းလိုင်းဖြင့် ဝင်ရောက်ရန် စီစဉ်နေ သည်ဟူသော အချက်အလက်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန် အစိုးရက အီးယူနိုင်ငံတစ်ခုခုတွင် ပုန်းခိုနေသည်ဟု ယူဆ ထားသည်။

မကြာသေးခင်ရက်ပိုင်းက ဘိုလီးဗီးယားနိုင်ငံ သမ္မတအီဗိုမိုရာလီစ် စီးနင်းလာသော လေယာဉ် တွင် အက်ဒ်ဝပ်စနိုးဒန် ပုန်းခိုလိုက်ပါလာသည်ဟူသော ကောလာဟလများ ထွက်ပေါ် ခဲ့ခြင်းကြောင့် ၎င်း၏လေယာဉ်ကို ပြင်သစ်၊ စပိန်၊ ပေါ်တူဂီနှင့် အီတလီနိုင်ငံများက ယင်းတို့ ၏ လေကြောင်းပိုင်နက်တွင်းမှ ဖြတ်သန်းပျံသန်းခွင့် မပြုခဲ့ကြပေ။ သို့အတွက်ကြောင့် ဘိုလီးဗီးယား သမ္မတ၏ လေယာဉ်မှာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ အရေးပေါ်ဆင်းသက် ခဲ့ရပြီး ၁၄ နာရီကြာမျှ လေဆိပ် တွင် နေထိုင်ခဲ့ရသည်။

ယင်းဖြစ်ရပ်ကိုမကျေနပ်သော ဘိုလီးဗီးယားသမ္မတက ဝါရှင်တန်အစိုးရကို ပြင်းပြင်းထန် ထန် ဝေဖန်ပြစ်တင်ပြီး ဘိုလီးဗီးယားနိုင်ငံမှ အမေရိကန်သံရုံး ပိတ်ပင်သည်အထိ ပြုလုပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားသည်။ ‘အမေရိကန် အင်ပါယာနဲ့ ကျေးကျွန်တွေအနေနဲ့ ကျုပ်တို့ကို ဘယ်တော့မှခြိမ်းခြောက်လို့ရမှာ မဟုတ်ဘူး။ ဥရောပနိုင်ငံတွေ အနေနဲ့ အမေရိကန် နယ်ချဲ့ ဝါဒကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဖို့လိုအပ်တယ်’ ဟု ၎င်းကဒေါသ တကြီး ပြောကြားသည်။ 

မှတ်တမ်းများအရ အိုက်စလန်နိုင်ငံသည် ယခင်ယူဂိုဆလားဗီးယား နိုင်ငံအပေါ်သတ်မှတ်ပြ ဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခဲ့သည့် စစ်တုရင်ကစားသမား ဘော်ဘီဖစ်ရှား ကို နိုင်ငံသားအဖြစ် လက်သင့်ခံခဲ့ဖူးသည်။

The Voice Weekly

0 comments:

Post a Comment