8.9.13

အလုပ်ရှင်များ အနေဖြင့် အလုပ်သမားများအား သတ်မှတ်ချိန်ထက် အချိန်ပိုခိုင်းစေမည် ဆိုပါက အလုပ်သမား ၀န်ကြီးဌာနသို့ တင်ပြရမည်

စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအား သတ်မှတ်ထားသည့် အချိန်ထက် အချိန်ပို ခိုင်းစေမည် ဆိုပါက အလုပ်သမား ၀န်ကြီးဌာနသို့ တရားဝင် တင်ပြရမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်သမား ၀န်ကြီးဌာနနှင့် အလုပ်ရှင် အလုပ်သမား တွေ့ဆုံပွဲ၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ
ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
"ဥပဒေအရသော် လည်းကောင်း၊ ILO ပြဋ္ဌာန်းချက်အရ လည်းကောင်း အတင်းအဓမ္မ ခိုင်းစေမှု မဖြစ်စေချင်တဲ့ သဘောပါ။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားတဲ့ အချိန်ထက်ပိုပြီး အချိန်ပို ခိုင်းစေမယ်ဆိုရင် အလုပ်သမားရဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ဌာနကို ကြိုတင်အသိပေး စေချင်တယ်။ ဌာနအနေနဲ့ တင်လာတဲ့အပေါ် စိစစ်ပြီးတော့ ခွင့်ပြုသင့်တာကို ခွင့်ပြုပေးသွားမှာပါ" ဟု ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားခဲ့သည်။
အထည်ချုပ် လုပ်ငန်းများ အနေဖြင့် အော်ဒါလက်ခံရာ၌ မိမိလုပ်သားအင်အား ဆောင်ရွက်နိုင်မည့် အနေအထားကိုသာ စိစစ်၍ လက်ခံသင့်ကြောင်း၊ အလုပ်ရှင်များ အနေဖြင့် မလိုအပ်ဘဲ အချိန်ပို ခိုင်းစေမှုများ၊ all night ခိုင်းစေမှုများကို ရှောင်ရှားသင့်ကြောင်း၊ အချိန်ပို ခိုင်းစေရာ၌လည်း ဆန္ဒရှိသည့် အလုပ်သမားများကိုသာ ခိုင်းစေလိုပြီး မဆင်းမနေရ ဆောင်ရွက်ပါက အဓမ္မခိုင်းစေမှု (Forced Labour) ဖြစ်၍ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) ပြဌာန်းချက် ၂၉ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၉ ပါ ပြဋ္ဌာန်းချက်တို့ကို ဆန့်ကျင်သလို ဖြစ်နေကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် စက်ရုံ အလုပ်ရုံများ၌ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်စေ၊ အလုပ်သမားများနှင့် ညှိနှိုင်း၍ဖြစ်စေ အချိန်ပို စေခိုင်းမှုကို သတ်မှတ်အချိန်ထက် ပိုမိုမခိုင်းစေရေး ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး စက်ရုံ ၁၄၃ ရုံအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အထည်ချုပ်စက်ရုံ ၂၇ ရုံမှာ သတ်မှတ်ချိန်ထက် အချိန်ပိုခိုင်းစေမှုကို တွေ့ရှိရကြောင်း သိရသည်။ အလုပ်ရှင်များ အနေဖြင့် အလုပ်သမားများအား တစ်ပတ်လျှင် နာရီ ၂၀ သာ အချိန်ပို ခိုင်းစေရန် ဥပဒေအရ တရားဝင် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group
အလုပ်ရှင် အလုပ်သမား တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒုဝန်ကြီး ဦးထင်အောင်အား တွေ့ရစဉ်

0 comments:

Post a Comment