8.9.13

Universal Music နှင့် စတီဖနီ ဆန်းတို့ စာချုပ်ချုပ်ဆို

ကမ္ဘာကျော် အဆိုတော် စတီဖနီဆန်းသည် Universal Music ဂီတ ထုတ်လုပ်ရေးနှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါဂီတ ထုတ်လုပ်ရေးက စက်တင်ဘာ ၃ ရက်တွင် ပြုလုပ် ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။


စတီဖနီဆန်းသည် ၂၀၀၀ ပြည့်နှစ် ကတည်းက ဂီတ လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး တေးအယ်လ်ဘမ် ၁၁ ခု ထွက်ရှိထားသူ ဖြစ်သည်။ အာရှ တစ်ဝှမ်းတွင် သူမ၏ တေးအယ်လ်ဘမ် အချပ်ရေ သန်း ၃၀ ကျော်ကို ရောင်းချခဲ့ရသည်။ ဂီတသက်တမ်း ၁၃ နှစ် အတွင်း စတီဖနီဆန်းသည် မျက်နှာသစ် အဆိုရှင်ဆု၊ အကောင်းဆုံး အမျိုးသမီး အဆိုရှင် ဆုနှင့် အကောင်းဆုံး အဆိုရှင် ဆုတို့ အပါအ၀င် ဂီတ ထူးချွန်ဆု များစွာကို သိမ်းပိုက်ထားသူ ဖြစ်သည်။

စတီဖနီသည် စင်ကာပူ အမျိုးသားနေ့ အထိမ်းအမှတ်နေ့ ကျင်းပသည့် နေ့များတွင် နှစ်ပေါင်းများစွာ စင်ကာပူ နိုင်ငံတော် သီချင်းကို ဂုဏ်ပြုသီဆို ပေးရသူ ဖြစ်သည်။

အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် စတီဖနီက ယခု နှစ်ကုန်ပိုင်းတွင် တေးအယ်လ်ဘမ်သစ် ဖြန့်ချိသွားမည် ဖြစ်ပြီး လာမည့်နှစ် နှစ်စပိုင်းတွင် ဖျော်ဖြေပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ၎င်းကပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment