17.11.13

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးပွဲအပြီး မြန်မာ-ထိုင်းနယ်စပ်မှ ဒုက္ခသည်အချို့ နေရပ်ပြန်


အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်အချို့ နေရပ်သို့ ပြန်မှုများ
ရှိနေကြောင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် The Border Consortium မှ မြန်မာအစီအစဉ် ညွှန်ကြားရေးမှူး ဒေါ်နီလာမြိုင်က ဆိုသည်။

ဒေါ်နီလာမြိုင်က "ဒီအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ အပြီးမှာတော့ တချို့တွေက နေရပ်ပြန်တာတွေ ရှိနေပါတယ်။ အရင်က အစိုးရနဲ့ လက်နက်ကိုင်တွေအကြား စစ်တွေဖြစ်တော့ ကျွန်မတို့စခန်းကိုလာပြီး ခိုလှုံကြပါတယ်။ အခုဆိုရင် ဒီဆွေးနွေးပွဲအပြီးမှာတင် စခန်းက ဒုက္ခသည် အယောက် ၄၀ နဲ့ ၅၀ ကြားလောက် နေရပ်ပြန်တာတွေ ရှိတယ်။ တချို့ကလည်း တတိယနိုင်ငံတွေကို ထွက်သွားတာတွေရှိပါတယ်"ဟု ပြောကြားသည်။

The Border Consortium မှ သတင်းထုတ်ပြန်ချက်များအရ ဒုက္ခသည် စုစုပေါင်း ၁၂၄၀၃၉ အား စောင့်ရှောက်လျှက်ရှိပြီး ထိုအထဲတွင် ကရင်လူမျိုး ၇၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် ကရင်နီ ၉ ဒသမ ၈ ရာခိုင်နှုန်းအား ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

"ကျွန်မတို့စခန်းမှာဆိုရင် ကရင်ဒုက္ခသည်တွေက အများဆုံးပါပဲ။ ကရင်ဒုက္ခသည် များရတဲ့အကြောင်းအရင်းက အရှေ့တောင်ပိုင်းမှာ KNU က အင်အားအကြီးဆုံးပါ။ အထူးသဖြင့် KNU နဲ့ဆိုရင် စစ်ဖြစ်နေတာက နှစ်ပေါင်း ၆၀ လောက်ရှိပြီ။ အခု ဆွေးနွေးအပြီးမှာ ဆိုရင်လည်း ကရင်ဒုက္ခသည်တွေ ထပ်တော့ များမလာတော့ပါဘူး။ နေရပ်ပြန်သွားတဲ့ ဒုက္ခသည်တွေရဲ့ ကိန်းဂဏန်းက အကြီးအကျယ် မပြောင်းလဲပေမဲ့လည်း အခုဆို လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေလည်း လုံးဝ မရှိသလောက်ပါပဲ"ဟု ဒေါ်နီလာမြိုင်က ဆိုသည်။

Eleven Media Group

0 comments:

Post a Comment