26.11.13

မူဝါဒပြောင်းက ၂၀၀၀ မော်ဒယ်လ်အောက် ကားဈေး သုံးပုံတစ်ပုံခန့် ကျဆင်းနိုင်


မော်တော်ယာဉ်များ တင်သွင်းရာတွင် ၂၀၀၀ ပြည့်နှစ် မော်ဒယ်လ်နှင့် အထက်များကိုသာ တင်သွင်းခွင့် ပြုမည်ဆိုသည့် မူဝါဒ ၂၀၁၄ ခုနှစ်တွင် အတည်ပြုပါက ၂၀၀၀ ပြည့်နှစ် မော်ဒယ်လ်အောက် မော်တော်ယာဉ် များ၏ ဈေးနှုန်း သုံးပုံတစ်ပုံခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက် အတွင်းထံမှ သိရသည်။


ယင်းသို့ သတ်မှတ် တင်သွင်းရမည် ဆိုပါက ပြည်တွင်းတွင် ကျန်ရှိမည့် ၂၀၀၀ မော်ဒယ်လ်အောက် မော်တော်ယာဉ်များမှာ လက်ရှိ တန်ဖိုးမှ ကျပ် ၂၅ သိန်း၊ သိန်း ၃၀ ခန့် ကျဆင်းသွားနိုင်ဖွယ် ရှိပြီး အရောင်းအဝယ် ရပ်တန့်သွားနိုင်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။

မူဝါဒ ပြောင်းလဲပါက မော်တော်ယာဉ် သစ်များသာ ဈေးကွက် ဝင်နိုင်တော့မည် ဖြစ်ကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့် ဝယ်ရောင်း ဦးကျော်မြင့်က ပြောကြားသည်။

“ဘယ်သူပဲဖြစ်ဖြစ် ပစ္စည်းအသစ်နဲ့ အဟောင်းဆို အကုန်လုံးက အသစ်ပဲ စီးချင်ကြမှာပါ။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဈေးကကျသွားမှာပါပဲ။ အဲဒီကားတွေတင် မဟုတ်ပါဘူး။ မော်ဒယ်လ် အသစ်တွေလည်း ဈေးကျဦးမှာပါ” ဟု ၎င်းက သုံးသပ်သည်။

၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ဥပဒေများကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ပြောင်းလဲရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဌာနများက ပြောဆိုသော်လည်း အတိအကျ မထုတ်ပြန်သေးပေ။

The Voice Weekly

0 comments:

Post a Comment