11.1.14

အသေခံဗုံးသမားကို အသက်ပေး တားဆီးသွားသည့် ပါကစ္စတန် လူငယ်လေး

အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော
အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်

ပါကစ္စတန် နိုင်ငံတွင် အသေခံ ဗုံးသမား တစ်ဦးကို တားဆီးရန် ကြိုးစားရင်း အသက်ပေးသွားရသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအတွက် ဝမ်းနည်းကြေကွဲမှု အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဟန်ဂူဒေသတွင် နေထိုင်သော အိုင်ဇက်ဇ်သည် တနင်္လာနေ့က သူငယ်ချင်းများနှင့်အတူ ကျောင်းအပြင်ဘက်သို့ ထွက်လာစဉ် ဖောက်ခွဲရေး ပစ္စည်းများ တွယ်ဆက်ထားသည့် ဝတ်စုံနှင့် ဗုံးသမားကို သတိပြုမိသွားသည်။ ထို့နောက် သူငယ်ချင်းများက တားဆီးနေသည့်တိုင် အိုင်ဇက်ဇ်က ဗုံးသမားကို အမိဖမ်းနိုင်ရန် အားထုတ် ကြိုးပမ်းခဲ့သည်။ ထိုအခါ ဗုံးသမားက စနက်တံဖြုတ် ဖောက်ခွဲလိုက်ပြီး နှစ်ဦးလုံး သေဆုံးသွားခြင်း ဖြစ်သည်။

အိုင်ဇက်ဇ်၏ စွန့်လွှတ်မှုကို ပါကစ္စတန်ရှိ Social Mediaများတွင် သူရဲကောင်း တစ်ဦးသဖွယ် ဝမ်းနည်းကြေကွဲစွာ ချီးကျူးဂုဏ်ပြုနေကြသည်။ ထို့အပြင် ပါကစ္စတန် စစ်ဘက်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုမျိုး ပေးအပ်ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းဆုသည် နိုင်ငံအတွက် မိမိကိုယ်ကိုယ် အနစ်နာခံ စွန့်လွှတ်သူများကို ပေးအပ်ခြင်း ဖြစ်သည်။ သို့သော်လည်း အိုင်ဇက်ဇ်က စစ်မှုထမ်းတစ်ဦး မဟုတ်သဖြင့် ယင်းဆုကို ပေးနိုင်ခွင့် ရှိမရှိမူ မသေချာသေးချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ပါကစ္စတန်နိုင်ငံသားတွေ အနေနဲ့ အိုင်ဇက်ဇ်ကို နီရှန်အီဟိုင်ဒါ ဆုပေးအပ်ဖို့အတွက် အလေးအနက် ထောက်ခံကြပါလိမ့်မယ်"ဟု Twitterတွင် ရေးသားခဲ့သည်။ အိုင်ဘရာဟင်မ်ဇိုင်းရှိ အိုင်ဇက်ဇ်၏ကျောင်းတွင် ကျောင်းသူကျောင်းသား (၂၀၀၀)ကျော်ရှိနေသည်။ အဆိုပါကျောင်းသည် ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် တည်ရှီပြီး ရှီးယိုက်မွတ်ဆလင် အများစု နေထိုင်သည့် ဒေသဟုလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment