11.1.14

လမ်းမြေပေါ်တွင် ခရိုင်စည်ပင်ရုံး ဆောက်လုပ်မှု ရပ်မိရပ်ဖများနှင့် ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ဈေးသစ်အနီး၊ ဦးစံဖေ ရပ်ကွက်ရှိ အနော်ရထာ လမ်းမပေါ်တွင်
ခရိုင်စည်ပင်သာယာရေးရုံး ဆောက်လုပ်နေမှုကို ရပ်မိရပ်ဖများ အပါအဝင် ဈေးသူဈေးသား ၁၀၀ ကျော်က ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

သင်္ဃန်းကျွန်းဈေးနှင့် ကပ်လျက်ရှိသည့် အနော်ရထာ လမ်းသည် လေးထောင့်ကန်လမ်းနှင့် ဦးစံဖေလမ်းကို ဆက်သွယ်ထားကာ အကျယ် ၅၀ ပေ၊ အရှည် ၂၅၀ ပေ ခန့်ရှိပြီး အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက လမ်းအဖြစ် အသုံးပြုခဲ့ကြောင်း ဦးစံဖေရပ်ကွက် နေသူများက ပြောဆိုသည်။
“လမ်းအပြင် မီးတားလမ်းလည်း ဖြစ်ပါတယ်။ ၂၀၁၀ တုန်းက ဈေးမီးလောင်တော့ ဒီလမ်းမှာ ဈေးသည်တွေနဲ့ ပိတ်နေတာကြောင့် မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့တယ်။ ဒါကြောင့်လမ်းကို လမ်းအဖြစ်ပဲ ထားပေးဖို့ တောင်းဆိုရတာပါ” ဟု ဦးဆောင် ဆန္ဒထုတ်ဖော်သူ ဦးချမ်းစိန်က ပြောကြားသည်။

မီးဘေးသင့်ခဲ့သော သင်္ဃန်းကျွန်း ဈေးမြေနေရာတွင် အဆင့်မြင့်ဈေးသစ် အပါအဝင် အဆောက်အအုံသစ် တစ်ခုကို အောင်ကောင်းကျော် ကုမ္ပဏီက တည်ဆောက်ခဲ့ကြောင်း၊ လမ်းမြေပေါ်တွင် စည်ပင်ခရိုင်ရုံး အပါအဝင် မိလ္လာကန်များနှင့် ကားရပ်နားရန်နေများ ဆောက်လုပ်လျက် ရှိကြောင်း ဆန္ဒထုတ်ဖော်သူများက ရှင်းပြသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တရားဝင် ထုတ်ပေးသည့် မြေပုံများတွင် အဆိုပါ မြေနေရာကို လမ်းအဖြစ် သတ်မှတ်ထားကြောင်း၊ လမ်းအဖြစ် အသုံးပြုမည် ဆိုပါက မီးဘေးကြုံလာပါက မီးသတ်ကားများ လွယ်ကူစွာ သွားလာနိုင်ကြောင်း၊ အဆိုပါ အနော်ရထာလမ်းပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်နေမှုကို တားမြစ်ပေးရန် သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဒီဇင်ဘာလ ၂၃ ရက်နေ့က တင်ပြထားကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရသည်။

အနော်ရထာလမ်း မြေနေရာသည် ဈေးမြေနေရာသာ ဖြစ်ပြီး သင်္ဃန်းကျွန်း ဈေးသစ်၏ ပင်မအဆောက်အအုံတွင် ဈေးတာဝန်ခံ ရုံးခန်းထားရှိရန် နေရာမလောက်သဖြင့် အထက်ပါ နေရာတွင် ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါလမ်းရှိ အကျယ် ၁၇ ပေကို ဈေးပတ်လမ်းအဖြစ် ချန်လှပ်ထားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းဈေး၏ ဈေးတာဝန်ခံ ဒေါ်သင်းသင်းညွန့်က ပြော ကြားသည်။
“ဒီနေရာမှာ အရင်က ရောင်းချခဲ့တဲ့ ဈေးသည်တွေကိုလည်း ဈေးသစ်မှာ နေရာ အစားပြန်ပေး ထားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မြေနေရာသည် ၁၉၇၆ ခုနှစ် ဝန်းကျင်ကတည်းက ပျံကျဈေးသည်များ ဈေးရောင်းချခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ဆိုင်ခန်းများ ချထားပေးခဲ့ကြောင်း၊ ယခု ဆောက်လုပ်နေသည့် အဆောက်အအုံများသည် စည်ပင်သာယာ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်း ဈေးသစ် ဆောက်လုပ်ခွင့်ရ အောင်ကောင်းကျော် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းသွင်ထူးက ရှင်းပြသည်။

ရပ်မိရပ်ဖနှင့် ဈေးသူဈေးသားများ ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုမှာ တရားဝင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး တောင်းဆိုမှုများ မရရှိပါက ထပ်မံ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုသည်။

The Voice Weekly

0 comments:

Post a Comment