27.1.14

ထိုင်းဆန္ဒပြသူများ မဲရုံများကိုပိတ်ဆို့၊ ပဋိပက္ခအတွင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲအတွက် အကြိုမဲပေးမှုများ ပြုလုပ်နိုင်ခြင်း မရှိစေရန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများက မဲရုံများကို ပိတ်ဆို့ ဝိုင်းရံထားရာ အစိုးရ ဆန့်ကျင်သူနှင့် အစိုးရ လိုလားသူ ဆန္ဒပြအင်အားစု နှစ်ရပ် ပဋိပက္ခ ဖြစ်ပွားခဲ့သလို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် တစ်ဦးလည်း ပစ်ခတ်ခံလိုက်ရခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

သေဆုံးသွားသော ဆန္ဒပြခေါင်းဆောင်မှာ ဆူသင်သာရာတင် ဆိုသူဖြစ်ပြီး ၎င်းသည် ဆန္ဒပြ လူအုပ်ကြီးအား တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မိန့်ခွန်း ပြောကြားစဉ် ဦးခေါင်းကို သေနတ်ပစ် ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော ဆန္ဒပြသူငါးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပီယာအူတာယိုက ပြောကြားသည်။
“ဆူသင်ရဲ့ ဦးခေါင်းကို သေနတ် မှန်သွားတာပါ။ အစိုးရက အကြမ်းဖက်တဲ့ လူအုပ်စုတွေကို လက်နက်ကိုင်ခွင့် ပြုထားတာလေ” ဟု ဆန္ဒပြသူများ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခနှင့် ဖြစ်ရပ်သည် ထိုင်းအစိုးရက အရေးပေါ် အမိန့်ထုတ်ပြန်ပြီးနောက် အဆိုးရွားဆုံးသော အဖြစ်အပျက် ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုများနှင့် သံသယများကို ဖြစ်ပေါ် စေခဲ့သည်။

အတိုက်အခံ ခေါင်းဆောင်နှင့် ဆန္ဒပြ အင်အားစုများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ယင်းကိစ္စသည် အစိုးရနှင့် ရဲတပ်ဖွဲ့က မိမိတို့အပေါ် နှိမ်နင်း ဖြိုခွင်းလိုသောကြောင့် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများဘက်က စွပ်စွဲပြောဆိုလျက် ရှိသည်။

ထိုင်းနိုင်ငံရေး တင်းမာမှုများ လျော့ကျသွားစေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရက ကျင်းပပြုလုပ်ပေးသည့် ရွေးကောက်ပွဲကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်မည် မဟုတ်ဟု ဆန္ဒပြ ခေါင်းဆောင်များက ကတိကဝတ် ပြုထားသော်လည်း ထိုင်းအလံများ ကိုင်ဆောင်ထားသော ဆန္ဒပြသူများက မဲရုံတံခါးများဖွင့်၍ မရနိုင်အောင် ချိန်းကြိုးများဖြင့် ချိတ်ဆက် ပိတ်ထားကြသည်။

ထိုင်းအစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိကြီးများ၏ အဆိုအရ တနင်္ဂနွေနေ့က ဘန်ကောက်ရှိ မဲရုံ ၄၀ မှ ၄၅ ရုံခန့်တွင် ကြိုတင်မဲ ပေးနိုင်ခြင်းမရှိခဲ့ဘဲ ဆန္ဒပြသူများ ဝိုင်းရံထားခြင်းကြောင့် ပိတ်ပင် ထားခဲ့ရသည်ဟု ဆိုသည်။

မြို့တော် ဘန်ကောက်တွင် ဆန္ဒပြ အင်အားစုများ ဝိုင်းရံမှုကြောင့်သော် လည်းကောင်း၊ အစိုးရ လိုလားသူနှင့် ဆန့်ကျင်သူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်မှုကြောင့်သော် လည်းကောင်း ကြိုတင်မဲပေးမှုများ အောင်မြင်မှု မရှိခဲ့သော်လည်း မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် ကြိုတင်မဲပေးမှုများ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် ဘန်ကောက်ရှိ အချို့သော ခရိုင်များနှင့် ထိုင်းတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ ပြည်နယ် အများစုတွင်မူ ကြိုတင်မဲပေးမည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ရသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကမူ ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကို အဆင်ပြေ ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထိုင်းစစ်တပ်ဘက်မှ လုံခြုံရေး တာဝန်ယူပေးရန် သောကြာနေ့က စစ်တပ် အကြီးအကဲကို တိုက်တွန်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရက ဘန်ကောက်တွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများ အရှိန်လျော့ကျ သွားစေရန် သက်ဆိုင်ရာ အာဏာပိုင်များ၊ အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်အနေနှင့် ကာဖျူး ထုတ်ပြန်ခွင့်ရှိမည့် အရေးပေါ်အမိန့် ဒီကရီကို ထုတ်ပြန်ကြောင်း ကြေညာခဲ့ပြီးနောက် ဆန္ဒပြမှုများမှာ ပိုမို အရှိန်မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment