4.1.14

စစ်အာဏာသိမ်းရန် ကြံစည်ကြောင်း အမိန့်ချမှတ်မှု ပြန်လည် တရားစီရင်ပေးရန် တူရကီတပ်မတော် တောင်းဆို

တူရကီ အစိုးရအဖွဲ့ကို ဖျက်ချပြီး စစ်အာဏာသိမ်းရန် ကြံစည်သည်ဟု စွပ်စွဲကာ တူရကီ စစ်အရာရှိများကို တရားရုံးက ပြစ်ဒဏ် ချမှတ်ထားသည်ကို ပြန်လည် တရားစီရင်ပေးရန်
တူရကီ တပ်မတော်က တောင်းဆိုလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တရားရုံးတွင် တင်ပြသော သက်သေ အထောက်အထားများမှာ မှန်ကန်မှု မရှိကြောင်း တူရကီ တပ်မတော်က ရှေ့နေချုပ်ရုံးသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကန့်ကွက်စာ တင်လိုက်ပြီး ပြန်လည် တရားစီရင်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တူရကီ အစိုးရအဖွဲ့ဝင်များ အကျင့်ပျက် လာဘ်စားကြောင်း သတင်းများ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဝန်ကြီးများ ရာထူးမှ နုတ်ထွက်ရပြီး နိုင်ငံရေး အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် တပ်မတော်၏ ကန့်ကွက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အာဒိုဂန်၏ အစိုးရအဖွဲ့ကို ရာထူးမှ ဖြုတ်ချရန် ကြံစည်သည့် အာဂျီနီကန် လျှို့ဝှက် အစီအစဉ်တွင် ပူးပေါင်း ပါဝင်သည်ဟု စွပ်စွဲပြီး တူရကီ တပ်မတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး အီကာဘတ်ဗက်ကို ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကာ တပ်မတော် အရာရှိများ၊ ဂျာနယ်လစ်များနှင့် ရှေ့နေ များကိုလည်း တရားရုံးက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ထို့အပြင် အစ္စလာမ္မစ် သဘောတရားရေး များကို လက်ခံလိုလားသည့် အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးရေးပါတီ (AKP) ကို အာဏာသိမ်းရန် တူရကီ စစ်တပ်က ၂၀၀၃ ခုနှစ်တွင် တူစစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့သည်ဟု စွပ်စွဲပြီး တာဝန် ထမ်းဆောင်ဆဲနှင့် အငြိမ်းစား တပ်မတော် အရာရှိ ၃၀၀ ကျော်ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။

တူရကီ တပ်မတော်မှာ နိုင်ငံ၏ လောကီရေး သက်သက်စနစ်၏ အဓိက ကာကွယ် စောင့်ရှောက်သူအဖြစ် ခံယူထားပြီး ၁၉၆၀၊ ၁၉၇၁ နှင့် ၁၉၈၀ ပြည့်နှစ်တို့တွင် စစ်အာဏာသိမ်းမှု သုံးခုပြုလုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အစ္စလာမ္မစ် အစိုးရအဖွဲ့ကို ဖယ်ရှားခဲ့သည်။

သို့သော်လည်း ဝန်ကြီးချုပ် အာဒိုဂန် အာဏာရလာသည့် ၂၀၀၂ ခုနှစ်မှစ၍ အင်အားကြီးမားသော တူရကီ တပ်မတော်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့ပြီး တရားစွဲဆိုမှု အမြောက်အမြား လုပ်ဆောင်ခဲ့သည်။

တူရကီ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်သည့် အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် စစ်အရာရှိများအပေါ် အမိန့်ချမှတ် ထားမှု ပြန်လည် တရားစီရင်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု တူရကီ မီဒီယာ အချို့တွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့နှင့် အစ္စလာမ္မစ် ဘာသာရေး ခေါင်းဆောင် ဖက်တူလာဂူလန် ဦးဆောင်သော လှုပ်ရှားမှု အဖွဲ့ကြားတွင် အင်အားပြိုင်မှုများ ပေါ်ပေါက်နေပြီး စစ်အရာရှိများကို ပြန်လည် တရားစီရင်ပေးရန် တောင်းဆိုချက်ကြောင့် တူရကီနိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု ပိုမိုများပြားလာခဲ့သည်။

တူရကီ တပ်မတော်နှင့် အစိုးရ အရာရှိများကို တရားစွဲဆိုရန် စီစဉ်နေသူများမှာ အုပ်စုတစ်ခုတည်း၏ ညွန်ကြားမှု အောက်တွင် ရှိနေကြောင်း ဝန်ကြီးချုပ် အာဒိုဂန်၏ ထိပ်တန်း နိုင်ငံရေး အကြံပေး တစ်ဦးဖြစ်သူ ယဲဆင်က ပြီးခဲ့သည့် လအတွင်းက ပြောကြားသည်။

ဂူလန်၏ နောက်လိုက်များမှာ တူရကီ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေး အဖွဲ့၏ အဓိက နေရာများတွင် နေရာယူထားပြီး ယဲဆင်က ၎င်းတို့ကို သွယ်ဝိုက် ညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။

အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရန် ကြံစည်ကြောင်း စွပ်စွဲချက်များ ပေါ်ပေါက် လာခြင်းကြောင့် ၁၉၉၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက် နေထိုင်ခဲ့ရသော ဂူလန်က စုံစမ်းစစ်ဆေးမှုများ နောက်ကွယ်တွင် ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment