15.1.14

အခြေခံဥပဒေပြင်ရေး ပြည်သူ့အကြံပြုချက်တွေ အသေးစိတ်တင်ပြဖို့ ဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက လက်ခံရရှိထားတဲ့
အကြံပြုချက်တွေကို စိစစ်ခွဲထုတ်ပြီး အသေးစိတ်ဇယားနဲ့ လွှတ်တော်ကိုတင်ပြဖို့ ဒီနေ့ ပူးပေါင်းကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ပြည်သူတွေရဲ့ အကြံပြုချက် တစ်ချက်ချင်းစီကို အသေးစိတ်ဇယားနဲ့ဖော်ပြဖို့ ဆုံးဖြတ်ထားတယ်လို့ ပူးပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်မောင်က ပြောပါတယ်။

"အကြံပေးချက်တွေကို လေ့လာလိုက်တဲ့အခါ တွေ့ရှိချက်တွေကို ပြောတာပေါ့နော်၊ ဥပမာဆိုရင် တချို့အကြံပြုချက်တွေက ဘာမှမပါဘူး၊ ပြင်ချင်တာကိုပဲပြောတယ်၊ ကျိုးကြောင်းဖော်ပြချက်မပါဘူး၊ ပယ်ဖျက်ချင်တယ်ဆိုရင်လည်း ပယ်ဖျက်ချင်တယ် ဆိုတာပဲပါတယ်၊ နောက်က ကျိုးကြောင်းဖော်ပြချက်ပါမှ ပိုပြီးတော့ စဉ်းစားရတာပေါ့လေ၊ အဲလိုဟာမျိုးတွေကို ဘယ်လိုလုပ်မလဲဆိုတာပေါ့နော်၊ နောက်ဆုံး အကြံပြုချက်တွေအားလုံးကတော့ ချန်ထားဖို့ မသင့်ဘူးပေါ့နော်၊ အားလုံးက ပြည်သူလူထုဆီက အကြံပြုချက်တွေဖြစ်တဲ့အတွက် ကျနော်တို့ကိုယ်တိုင်က လေ့လာသုံးသပ်ပြီးတော့ တင်ပေးမှာပေါ့နော်၊ အဲဒီလိုတင်ပေးဖို့ ဘယ်ပုံဘယ်နည်းတင်မလဲ ကျနော်တို့က အပိုဒ်ဇယားလေးတွေခွဲပြီးတော့ ပုဒ်မဘယ်လောက်က ဘယ်နှစ်ဦးကပြင်ချင်ပါတယ်၊ ဘယ်နှစ်ဦးက ပယ်ဖျက်ချင်ပါတယ်၊ ဘယ်နှစ်ဦးက ဖြည့်စွက်ချင်ပါတယ် ဆိုတာမျိုးလေးတွေကို ကျနော်တို့က ဇယားလုပ်ပေးမယ် လောလောဆယ်တော့ အဲဒီလိုပဲလုပ်ကြမယ်လို့ ဆုံးဖြတ်ထားတာပေါ့လေ"
အကြံပြုချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက အဖွဲ့ ၅ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်နေတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အကြံပြုစာပေါင်း နှစ်သောင်းရှစ်ထောင်နီးပါး လက်ခံရရှိထားပြီး အဲ့ဒီစာတွေထဲမှာ အကြံပြုချက်ပေါင်း သုံးသိန်းကျော်ပါဝင်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်ပြီး ဆွေးနွေးကြဖို့လည်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment